ရော်နယ်ဒိုကို ယူနိုက်တက်တာဝန်ရှိသူတွေဘက်က တုံ့ပြန်လိုက်တာပါ။

ယူနိုက်တက်တာဝန်ရှိသူတွေဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ ရော်နယ်ဒိုကို ရောင်းချမှာမဟုတ် (မရောင်းဘူး) လို့ ပြတ်ပြတ်သားသား အသိပေးလိုက်ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကန်ချင်တဲ့ဆန္ဒအပါအဝင် အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုနဲ့ အနာဂတ်စီမံကိန်းတွေအပေါ် အားမရတာကြောင့် သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရရင် ရောင်းချပေးဖို့ တောင်းဆိုထားပါတယ်။



အသက် (၃၇) နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်ကြီးရဲ့ ဒီသတင်းထွက်လာပြီး မကြာခင်မှာတင် ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ရိုးမားတို့က ရော်နယ်ဒိုကို ခေါ်ယူနိုင်မယ့်အသင်းတွေအဖြစ် ရေပန်းစားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အစပိုင်းမှာ ယူရိုပါလိဂ်သာ ကစားရသည့်တိုင် စာချုပ်သက်တမ်းကုန်မယ့် လာမယ့်ရာသီကုန်အထိ အသင်းမှာသာ ဆက်နေဖို့ ဆန္ဒရှိခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်ဟာ လက်ရှိနွေရာသီစျေးကွက်မှာ ကစားသမားသစ်တယောက်ကိုမှ တရားဝင်ကြေညာနိုင်ခြင်းမရှိသေးဘဲ အခြေအနေတိုးတက်ဆဲ၊ နီးစပ်၊ သေချာဆိုတဲ့ အနေအထားတွေမှာသာ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက စိတ်ပြောင်းသွားဖွယ်ရှိပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုကို ရောင်းချသွားဖို့ စိတ်ကူးမရှိဘူးလို့ ချက်ချင်းအကြောင်းပြန်ထားကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ နည်းပြသစ်တန်ဟက်ခ်ရဲ့ ကစားပုံမှာ ဘယ်လိုအနေအထားမျိုးရှိမလဲဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရော်နယ်ဒိုက ဇူလိုင် (၄) မနက်ဖြန်မှာ ပြုလုပ်မယ့် အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်ကို စတင်ပူးပေါင်းရတော့မှာပါ။

ဒါပေမယ့် အခုချိန်မှာတော့ ရော်နယ်ဒိုအနေနဲ့ သူ့အသက် (၄၀) အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်လို့ ယုံကြည်ထားဆဲဖြစ်ပြီး ကစားသမားဘဝက အနားမယူခင် နောက်ထပ် ချန်ပီယံလိဂ်ဖလားအောင်မြင်မှုတကြိမ်ကို ထပ်မံဆွတ်ခူးသွားဖို့ ဆန္ဒရှိနေသေးကြောင်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က