လာမယ့်နွေရာသီမှာ မက်ဂွိုင်းယားအနေနဲ့ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက ပေါင် ၁၀ သန်းအထိ ပေးချေသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ လာမယ့် စနေနေ့မှာ ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲဟာ မက်ဂွိုင်းယားအတွက် ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ် ဖြစ်လာဖွယ်ရာရှိနေတယ်လို့လည်း သိရပါတယ်။
၂၀၁၉ တုန်းက လက်စတာကနေ သူ့ကို ပေါင်သန်း ၈၀ အထိ ပေးချေကာ ယူနိုက်တက်က ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ကစားသမားရဲ့ တန်ဖိုးက ပေါင်သန်း ၃၀ သာရှိတော့ပြီး ယူနိုက်တက်နဲ့ သူ့ကြား စာချုပ်သက်တမ်းကလည်း ၂ နှစ်သာ ကျန်ရှိပါတော့တယ်။ သူဟာ ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ရရှိနေတာဖြစ်ပြီး အသင်းသစ်မှာတော့ အဆိုပါပမာဏရဲ့ ထက်ဝက်သာ ရရှိမှာဖြစ်လို့ ယူနိုက်တက်က ပေါင် ၁၀ သန်းပေးကာ ထွက်ခွာစေဖို့ စဉ်းစားနေတာပါ။
ဒီရာသီမှာ မက်ဂွိုင်းယားက ယူနိုက်တက်အတွက် ၁၆ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး မာတီနက်ဇ်၊ ဗာရန်းနဲ့ လင်ဒီလော့ဖ်တို့ နောက်မှာသာ ဦးစားပေးခံခဲ့ရတာပါ။ သူ့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းတွေ၊ အမှားအယွင်းတွေကြောင့်လည်း တန်ဟက်ဂျ်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး သူ ပါဝင်ကစားတိုင်းမှာ အသင်းပရိသတ်တွေကပါ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့်လည်း တန်ဟက်ဂျ်က သူ့ကို ရောင်းထုတ်ဖို့အထိ လုပ်လာမှာဖြစ်ပြီး ဝက်စ်ဟမ်းယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
မက်ဂွိုင်းယားအပြင် အန်သိုနီမာရှယ်၊ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ ဝမ်ဘစ်စ်ကာတို့လည်း အနာဂတ်မသေချာသေးဘူးလို့ Daily Mail က ဆိုပါတယ်။ တန်ဟက်ဂျ်က လာမယ့်ရာသီမှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေပြီး ကစားသမားတွေကို ရှင်းထုတ်ကာ ရောင်းချလို့ရရှိမယ့် ငွေကြေးနဲ့ ကစားသမားသစ်တွေကိုခေါ်ယူဖို့လည်း ကြံစည်နေတာဖြစ်ပါတယ်။
အင်္ဂလန်နောက်ခံလူကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ သူ့အတွက် အခွင့်အရေးမရှိတော့တာကို နားလည်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ ဆက်နေပြီး သူ့နေရာအတွက် တိုက်ပွဲဝင်ချင်နေတယ်လို့လည်း သိရပါတယ်။ ဒီအခွင့်အရေးကို တန်ဟက်ဂျ်က ပေးဖို့အတွက်တော့ ခက်ခဲနေပြီး မက်ဂွိုင်းယားက ထွက်ခွာရဖို့သာ ရာခိုင်နှုန်းပိုများနေပါတယ်။