အာဆင်နယ်ကို လေးဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြသောမတ်စ်တူချယ်လ်က အသင်းကနေ ထွက်ခွာဖို့ကိုပဲ စဉ်းစားနေတဲ့ ကစားသမားတွေကြောင့်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။ အော်လန်ဒိုမှာကစားခဲ့တဲ့ ဒီပွဲမှာ ချယ်လ်ဆီးဟာ လန်ဒန်မြို့ခံပြိုင်ဘက်ကို အရှက်ရဖွယ် ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပြီး သွင်းဂိုးတဂိုးမှတောင် မရခဲ့ဘဲရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်ပြန်လည်စတင်ဖို့ ၂ပတ်သာလိုတော့တဲ့အချိန်မှာ ရာသီသစ်ကို စတင်နိုင်ဖို့အတွက်လည်း သူ အာမ,မခံနိုင်ဘူးလို့ တူချယ်လ်က ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာရော၊ ကစားပုံမှာပါ အကောင်းဆုံးကစားခဲ့ပြီး အတောင့်တင်းဆုံးလူစာရင်းကို အသုံးပြုသွားခဲ့တယ်လို့လည်း ဂျာမန်လူမျိုးနည်းပြကြီးက ပြောဆိုခဲ့ပါတယ်။
"ရာသီကြိုကာလအတွက် ဘယ်လိုခံစားရလဲဆိုရင် စိတ်အေးလက်အေးဖြစ်ဖို့က အဝေးကြီးပဲ၊ အရှုံးနဲ့ထိုက်တန်တယ်လို့ ကျနော်ထင်တယ်၊ ဘာလို့လဲဆိုတော့ လုံလောက်တဲ့ကစားပုံမရှိခဲ့ဘူး၊ ပြိုင်ဆိုင်ချင်စိတ်မရှိခဲ့ဘူး၊ စိုးရိမ်စရာအပိုင်းကတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အာရုံစိုက်မှုအပိုင်းမှာ အာဆင်နယ်က ကျနော်တို့ထက် အများကြီးပိုသာခဲ့ပါတယ်၊ ကျနော်တို့ အကောင်းဆုံးလူစာရင်းမဟုတ်ခဲ့ဘူးဆိုတာက အစိတ်အပိုင်းတခုပါပဲ၊ ကျန်အပိုင်းတွေမှာ စိုးရိမ်စရာတွေရှိတယ်"
"ရာသီသစ်ကို ကောင်းကောင်းစနိုင်ဖို့ ကျနော်အာမ,မခံနိုင်ဘူး၊ ဒီနေ့မှာ ကျနော့်ကစားသမားတွေက စိတ်ပိုင်းဆိုင်ရာကအစ အားနည်းနေခဲ့တယ်၊ ဘာလို့လဲဆိုတော့ အသင်းကနေထွက်ဖို့အတွက်ကိုပဲ စဉ်းစားနေပြီး သူတို့ရဲ့ ရွေးချယ်စရာတွေကိုပဲ ဦးစားပေးနေကြလို့ပါ၊ ဂိုးမရတဲ့အတွက်လည်း ကျနော်စိုးရိမ်နေရတယ်၊ ပထမပိုင်းမှာဆိုရင် ကိုယ့်ဘက်ခြမ်းမှာတောင်မှ ကောင်းကောင်းမကစားနိုင်ဘူး၊ အခွင့်အရေးလည်းတကြိမ်ပဲရခဲ့ပြီး ဘားတန်းကျော်သွားတယ်"
"သူတို့ဂိုးသွင်းအပြီးမှာ ကျနော်တို့ ဘာအန္တရာယ်ပေးနိုင်တာမှမရှိတော့ဘူး" လို့ တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ ပိုင်ရှင်သစ်အပြောင်းအလဲနဲ့အတူ ချယ်လ်ဆီးဟာ ကစားသမားအဝင်/အထွက်တွေ ခပ်ကြမ်းကြမ်းဖြစ်နေခဲ့ပြီး တူချယ်လ်ရဲ့ ပြောဆိုပုံအရ အသင်းမှာကျန်ရှိနေတဲ့ ကစားသမားတွေထဲက တချို့ကလည်း ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ယူဆရပါတယ်။