ပွဲအပြီးမှာဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဥ်မှာတော့ ဘရန့်ဖို့ဒ်က ယူနိုက်တက်ကို လေးဂိုးပြတ်နဲ့ ခြေပြတ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရဲ့ခြေစွမ်းက တော်တော်လေး ရှက်ဖို့ကောင်းခဲ့ပြီး အိမ်ရှင်အသင်းကို ဘယ်လိုမှပြန်မတုံ့ပြန်နိုင်ဘဲ ဒီဂီယာရဲ့အမှားအယွင်းတွေနဲ့အတူ တဂိုးမှပြန်မရဘဲ ရှုံးနိမ့်ခဲ့တာပါ။



ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် ရာသီအဖွင့်နှစ်ပွဲဆက်ရှုံးခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၂၀) ကို ရောက်ရှိသွားခဲ့ပါပြီ။ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ကွင်းထဲမှာလည်း ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်မချမ်းသာစရာဖြစ်ရပ်က ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ ယူနိုက်တက်လက်ထောက်နည်းပြ မက္ကလာရင်က ရော်နယ်ဒိုကို ယူနိုက်တက်ပရိသတ်တွေဆီ သွားရောက်နှုတ်ဆက်ဖို့ တိုက်တွန်းခဲ့ရာက ဖြစ်ပွားခဲ့တာပါ။

ရော်နယ်ဒိုကတော့ မက္ကလာရင်ရဲ့ တိုက်တွန်းမှုကို လက်မခံဘဲ ကွင်းထဲကနေ ထွက်ခွာသွားကာ အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မက္ကလာရင်ကို ပြတ်ပြတ်သားသားပဲ ကိုယ်ဟန်လက်ဟန်နဲ့ တုံ့ပြန်ခဲ့ပြီး မက္ကလာရင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့သည့်တိုင် မကျေမချမ်းနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းဘေးမှာရှိနေတဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကိုလည်း ရော်နယ်ဒိုက လက်ဆွဲနှုတ်ဆက်သွားခဲ့ခြင်းမရှိပါဘူး။


ယူနိုက်တက်ရဲ့အခြားသောကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဒီဂီယာ၊ တွမ်မီနေး၊ ဒါလော့တို့ကတော့ အဝေးကွင်းအထိ လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်ကိုသွားရောက်ကာ ပရိသတ်တွေကို တောင်းပန်နှုတ်ဆက်ခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းရလဒ်မကောင်းတိုင်း ဒီလိုမျိုး ပရိသတ်တွေကို မနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲ ချက်ချင်းဝင်ရောက်သွားလေ့ရှိပါတယ်။

ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဥ် (၃) အဖြစ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပထမပိုင်းနဲ့တင် လေးဂိုးပြတ်ရှုံးနိမ့်နေခဲ့တဲ့ ယူနိုက်တက်တို့ လီဗာပူးကိုယှဥ်နိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲလွန်းပြီး တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့ အချိန်ယူကြိုးစားရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က