ရော်နယ်ဒိုရဲ့တလုံးတည်းသော ပင်နယ်တီနဲ့ ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာပါ။

အိမ်ရှင်နော့ဝစ်ချ်က ဒီပွဲမှာ ယူနိုက်တက်ကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် တင်မ်ကရူးလ်၊ အာရွန်စ်၊ ကာဘက်၊ ဂယ်လ်မော၊ ပွတ်ကီတို့ကို အမာခံထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ရန်းနစ်ဂ် စိတ်ကြိုက်လူစာရင်းအတိုင်းပဲ ပွဲထွက်ခဲ့ပါတယ်။



နောက်တန်းမှာ အဲလက်စ်တဲလက်စ်၊ ဒါလော့တို့ ပါဝင်လာခဲ့သလို ၄-၂-၂-၂ ကစားကွက်မှာ ရော်နယ်ဒိုနဲ့ ရပ်ရှ်ဖို့ဒ်ကို တွဲပေးထားပြီး ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်လာခဲ့ပါတယ်။ နော့ဝစ်ချ်ရဲ့ အကြောက်အလန့်မရှိ တုံ့ပြန်မှုကြောင့် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။

အဲလက်စ်တဲလက်စ်ရဲ့ ဖရီးကစ် ဘားတန်းထိထွက်တာ၊ ရော်နယ်ဒိုရဲ့အပိုင်ကန်ချက်နဲ့ မက်ဂွိုင်းရားခေါင်းတိုက်ချက်တို့ကို ဂိုးသမား ကရူးလ်ကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာတော့ နော့ဝစ်ချ်က သွေးတိုးစမ်းရင်း တိုက်စစ်ဆင်လာပြီး ပွတ်ကီရဲ့ကန်ချက်ကို ဒီဂီယာ ကာကွယ်ခဲ့ရသလို ယူနိုက်တက်နောက်တန်းကလည်း ပြိုင်ဘက်ကို ခက်ခက်ခဲခဲ ဟန့်တားခဲ့ရတဲ့အချိန်တွေရှိလာပါတယ်။ ပွဲကစားချိန် မိနစ် (၇၀) မှာ လင်ဒီလော့ဖ် ရင်ဘတ်အောင့်လာတဲ့ အနေအထားကြောင့် အဲရစ်ဘာယီနဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲကစားချိန် (၇၂) မိနစ်မှာတော့ ရော်နယ်ဒိုကို အာရွန်စ်ဆွဲလှဲခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ရော်နယ်ဒိုကပဲ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နော့ဝစ်ချ်ကလည်း အခွင့်အရေးတွေရခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား ဒီဂီယာတို့ ကာကွယ်နိုင်ခဲ့သလို ရော်နယ်ဒိုကလည်း အပိုင်အခွင့်အရေးတကြိမ်ကို မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။

ဒီပွဲမှာ နော့ဝစ်ချ်ရဲ့ တုံ့ပြန်မှုနဲ့ ရုန်းအားကလည်း ချီးကျူးစရာကောင်းခဲ့ပြီး ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် ယူနိုက်တက်တို့ သေချာပေါက် ဂိုးပေးရနိုင်ခြေရှိခဲ့တာပါ။ ယူနိုက်တက်ကတော့ နည်းပြသစ် လက်ထက် ပရီးမီးယားလိဂ်နှစ်ပွဲလုံးမှာ တဂိုးဂိုးမရှိဆိုတဲ့ရလဒ်တွေနဲ့ပဲ နိုင်ခဲ့ပြီး ဂိုးမပေးရသေးတာလည်း ကျေနပ်စရာကောင်းခဲ့ပါတယ်။

Share

က္က