သူ့အတွက် ထောက်ပံ့မှုတွေကောင်းကောင်းရနိုင်ဖို့ ရော်နယ်ဒိုက အသင်းလိုက်ကစားပုံကို ပြောင်းလဲချင်နေတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းရဲ့ကစားပုံအပေါ် အပြောင်းအလဲလုပ်ပေးဖို့ နည်းပြဆိုးလ်ရှားထံ ပြောကြားထားတယ်လို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း သူပါဝင်ကစားထားတဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ (၅) ဂိုးသွင်းယူထားနိုင်ပေမယ့် အသင်းလိုက်ကစားပုံသာ အခုထက် ပိုမိုကောင်းမွန်လာမယ်ဆိုရင် သူ့အတွက် ဂိုးတွေပိုရနိုင်မယ်လို့ ရော်နယ်ဒိုက ယူဆထားတာပါ။

ESPN ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုက ယူနိုက်တက်နောက်ခံလူတွေ ဘောလုံးကို ရှေ့မြန်မြန်ပေးပို့ဖို့ လိုလားနေပြီး အသင်းလိုက်ကစားပုံကိုလည်း အခုထက်ပိုမိုမြန်ဆန်လာဖို့ ဆန္ဒရှိနေတာကြောင့် ဒီအတွက် ဆိုးလ်ရှားကို ပြောကြားထားပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး ရမှတ် (၅) မှတ် ဆုံးရှုံးထားရတာပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း ရော်နယ်ဒိုက သူ့ဆီ ဘောလုံးကောင်းကောင်းမရောက်လာတဲ့အပေါ် စိတ်ပျက်နေတယ်လို့ အဲ့ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်က ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒါကြောင့်လည်းလက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက နည်းပြဆိုးလ်ရှားကို အသင်းလိုက်ကစားပုံ အပြောင်းအလဲလုပ်ဖို့အတွက်ပါ တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာတာပါ။


ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်အရမ်းဆိုးရွားနေခြင်းမရှိသေးသည့်တိုင် ခံစစ်ကိုပိတ်ဆို့ကစားတဲ့အသင်းတွေနဲ့ တွေ့ရင် ဂိုးရဖို့၊ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဗီလာရီးရဲယ်နဲ့ပွဲမှာလည်း ပြိုင်ဘက်က ခံစစ်ကိုအခိုင်အမာပြင်ဆင်ပြီး ယူနိုက်တက်ကို ရင်ဆိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အခက်တွေ့ခဲ့ရသလို ဂိုးသမား ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် စောစောစီးစီး ဂိုးပြတ်ရှုံးနိမ့်နေနိုင်ပါတယ်။

ယူနိုက်တက်အနေနဲ့ မနက်ဖြန်မှာ အဲဗာတန်ကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ရှုံးပွဲကနေ အမြန်ဆုံးပြန်လည် ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Share

က္က