ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ဆဲလ်ဘာ့ဂ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စု အဝေးကွင်းပွဲစဥ်မတိုင်ခင်မှာ အသင်းအနေနဲ့ တိုက်စစ်ကစားပုံ ပိုမိုတိုးတက်ဖို့ လိုအပ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ချဲလ်ဆီးဟာ ဒီကနေ့ညမှာသာ ဆဲလ်ဘာ့ဂ်ကို အနိုင်ရရှိခဲ့ရင် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်တော့မှာပါ။
ပေါ်တာလက်ထက် ချဲလ်ဆီးဟာ လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးဘဲ ရလဒ်ပိုင်းအားဖြင့် တည်ငြိမ်တဲ့ အနေအထားတခုမှာ ရှိနေပါတယ်။ ဆဲလ်ဘာ့ဂ်နဲ့ ချဲလ်ဆီးတို့ အုပ်စု ပထမအကျော့အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ခဲ့တုန်းက တဂိုးစီသရေကျခဲ့ပါတယ်။ အဲ့ဒီပွဲကလည်း ပေါ်တာအတွက် ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။
အခု အုပ်စု ဒုတိယအကျော့ပွဲမတိုင်ခင်မှာ ပေါ်တာက “ပွဲပြီးသွားတိုင်း ကျနော် ပြောလေ့ရှိတာပါပဲ။ ကျနော်တို့အတွက် အသင်းလိုက် ကစားပုံ ပိုတိုးတက်လာဖို့၊ အသင်းလိုက် တိုက်စစ်ဆင်ပုံ ပိုမိုတိုးတက်လာဖို့ ကြိုးစားရမှာပါ။ တကယ်လို့သာ ဒါကို ကျနော်တို့ လုပ်နိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကစားကွက်က တဦးချင်းစွမ်းဆောင်ရည်တွေကြောင့်လည်း ပိုမိုကောင်းမွန်လာပါလိမ့်မယ်”
“ဒီတော့ အခြားနည်းလမ်း ဒါမှမဟုတ် တဦးချင်း စွမ်းဆောင်ရည်ကို အာရုံစိုက်နေတာထက်စာရင် ကျနော်ကတော့ အသင်းလိုက် ကစားပုံကိုပဲ ပိုကြည့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဆဲလ်ဘာ့ဂ်နဲ့ ပတ်သက်လို့လည်း ပေါ်တာက “ဆဲလ်ဘာ့ဂ်က တကယ်ကို ကောင်းမွန်တဲ့အသင်းပါ။ အထူးသဖြင့် သူတို့အိမ်ကွင်းမှာပေါ့”
“ကျနော်တို့ ကွင်းမှာလည်း သူတို့ရဲ့ အရည်အချင်းကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီတော့ အခုပွဲက တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ပွဲဖြစ်လာမှာပါ။ ကျနော်တို့ စိတ်ဓာတ်လှုံ့ဆော်မှုအပြည့်နဲ့ တိုက်ပွဲဝင်ရပါမယ်။ ဒါက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲတပွဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။