ရိုးမားနည်းပြ မော်ရင်ဟိုဟာ လက်ရှိနွေရာသီမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်နောက်ခံလူကြီး ရာမို့စ်ကို သူ့ဆီမှာ လာကစားဖို့ ပြောကြားလိုက်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ ကစားသမားပါ။
အဆိုပါ ကစားသမားကြီးအနေနဲ့ ပြင်သစ်မြေမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာပြဿနာတွေနဲ့သာ ရင်ဆိုင်နေခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက သူ့ကို နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်း မတိုးတော့ဘဲ လက်လွှတ်ခံခဲ့တာပါ။
ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်က ထွက်လာပြီးနောက် ပဲရစ်မြို့မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကစားသမားဘဝကနေ အနားယူဖို့၊ ပီအက်စ်ဂျီရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံရဖို့အထိ သတင်းထွက်ခဲ့ပြီး လက်ရှိနွေရာသီမှာလည်း အသင်းလက်မဲ့ဖြစ်နေဆဲပါ။
ရာမို့စ်အနေနဲ့ ဘက်ဆစ်တပ်၊ အသင်းဟောင်း ဆီဗီလာတို့ကို ပြောင်းရွှေ့ဖို့လည်း သတင်းထွက်ခဲ့ပေမယ့် အဆိုပါ အသင်းတွေက ရာမို့စ်ရဲ့ လုပ်ခလစာကို ပေးချေနိုင်ခြင်းမရှိပါဘူး။ အခုချိန်မှာတော့ မော်ရင်ဟိုက ရာမို့စ်ကို ရိုးမားမှာ လာကစားဖို့ ဆက်သွယ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။
မော်ရင်ဟိုနဲ့ ရာမို့စ်တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့ဖူးကြသူတွေပါ။ မော်ရင်ဟို ရီးရဲလ်မက်ဒရစ်ကနေ မထွက်ခွာခင် နောက်ဆုံးအချိန်အပိုင်းအခြားတွေမှာ ရာမို့စ်နဲ့ အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ယောက်အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ပိုင်ဆိုင်ထားတယ်လို့ သိရှိရပါတယ်။