ရာသီနောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီး ကံကာင်းလို့သာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရခဲ့တဲ့နောက် ယူနိုက်တက်ဂိုးသမားဒီဂီယာက အသင်းအခြေအနေအပေါ် စိတ်ပျက်လက်ပျက်နဲ့ ဖွင့်ဟသွားခဲ့ပါတယ်။ ဆိုးရွားလှတဲ့ ဘောလုံးရာသီတခုကို ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘောလုံးရာသီပြီးဆုံးသွားတာက အကောင်းဆုံးပဲလို့ စပိန်ဂိုးသမားက ဆိုခဲ့ပါတယ်။
ရာသီနောက်ဆုံးပိတ်ပွဲမှာလည်း ယူနိုက်တက်ဟာ အနိုင်နဲ့မနှုတ်ဆက်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာပါ။ တဖက်မှာ ဘရိုက်တန်က ဝက်စ်ဟမ်းကို အနိုင်ကစားခဲ့လို့သာ ကံကောင်းခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် လက်စွမ်းပြကာကွယ်မှုတွေလုပ်ပေးခဲ့ပေမယ့် လုံလောက်တဲ့ ခံစစ်ပိုင်းကာကွယ်မှုကို မရခဲ့တဲ့ ဒီဂီယာအတွက်တော့ ပွဲတွေထပ်မကစားရတော့မှာက စိတ်သက်သာရာစရာဖြစ်လာခဲ့ပါတယ်။
ဒီဂီယာက "ဒီနေ့အတွက် အကောင်းဆုံးကတော့ ဘောလုံးရာသီပြီးဆုံးသွားတာပဲ၊ နည်းပြအသစ်ကလည်း ကစားသမားသစ်တွေ ခေါ်ယူမယ်လို့ သတင်းတွေကြားပါတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းမွန်တဲ့သူတွေကို ခေါ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်၊ အသင်းမှာ နေချင်တဲ့သူပဲ ဆက်နေပါ၊ မနေချင်တဲ့သူတွေ ထွက်သွားပါလို့ ပြောချင်တယ်"
"ဒီရာသီကို မေ့ပစ်ပြီးတော့ နောက်ရာသီအတွက် ရာနှုန်းပြည့်အသင့်ဖြစ်ချင်နေပြီ၊ ဘယ်လိုပဲတွေးတွေး တကယ်ဆိုးဝါးတဲ့ ဘောလုံးရာသီဖြစ်ခဲ့တာပါ၊ ပရိသတ်တွေကိုတော့ ကျနော်ကျေးဇူးတင်ပါတယ်၊ ယူနိုက်တက်ပရိသတ်ဆိုတာ တခြားပရိသတ်တွေနဲ့ မတူပါဘူး၊ အရမ်းခက်ခဲတဲ့အခြေအနေမှာ အသင်းနဲ့အတူ ရှိနေပေးခဲ့တယ်၊ ကျနော်တို့က ယူနိုက်တက်ပါ၊ ကျနော်တို့ပြန်လာမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ထူးထူးခြားခြားဆိုသလို ဒီရာသီမှာ ရဂိုး၊ ပေးဂိုးတူညီနေခဲ့ပြီး ဂိုးကွာခြားချက်လုံး၀မရှိတဲ့ တခုတည်းသာ အသင်းအဖြစ် ပရီးမီးယားလိဂ်မှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။