နည်းပြ အာတီတာနဲ့ ပြဿနာအကြီးအကျယ်တက်ခဲ့တဲ့သူပါ။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ နည်းပြ အာတီတာနဲ့ ပြဿနာတက်ခဲ့ပြီးနောက်ပိုင်း အာဆင်နယ်ပထမအသင်းနဲ့အတူ လေ့ကျင့်ရေး ပြုလုပ်ခွင့် ပိတ်ပင်တားဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂါဘွန်နိုင်ငံက မိခင်ရှိရာကို အလည်အပတ်သွားရောက်ခွင့် ပေးခြင်းခံခဲ့ရပြီးနောက် လေ့ကျင့်ရေးကို နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် စည်းကမ်းချိုးဖောက်မှုနဲ့ ယခုအပတ်အစောပိုင်းမှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အူဘာမီယန်းဟာ ကနဦးအနေနဲ့ ပြီးခဲ့တဲ့အပတ် ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး နည်းပြ အာတီတာက စနေနေ့မှာ လိဒ်စ်နဲ့ ကစားမယ့်ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့် ပေးသွားမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပြီးနောက် ဒေါ့မွန်ကြယ်ပွင့်ဟောင်းရဲ့အနာဂတ်ဟာ နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။



ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ နည်းပြ အာတီတာနဲ့ တစောင်းစေးနဲ့ မျက်ချေးလိုမျိုး ဖြစ်နေပုံပေါ်ပြီး The Telegraph ရဲ့ ဖော်ပြချက်အရ အူဘာမီယန်းအနေနဲ့ အာဖရိကဖလားအတွက် ကင်မရွန်းကို မထွက်ခွာမီ အာဆင်နယ်အတွက် နောက်ထပ် ကစားပေးရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းက အစတုန်းက အူဘာမီယန်းကို အာဖရိကဖလားပြိုင်ပွဲအတွက် တတ်နိုင်သမျှ နောက်အကျဆုံးအချိန်ကျမှ ထွက်ခွာစေဖို့ မျှော်မှန်းခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မြန်သွားလေ ကောင်းလေသဘောထားမျိုး ရှိနေပြီ ဖြစ်ပါတယ်။

The Telegraph ကပဲ ဂါဘွန်တိုက်စစ်မှူးဟာ အသင်းကို ဆန္ဒပြခဲ့ခြင်းမရှိသလို လေ့ကျင့်ရေးဆင်းဖို့ ငြင်းဆန်ခဲ့ခြင်းလည်း မရှိပေမယ့် အာဆင်နယ်ရဲ့လန်ဒန် ကိုးနီးလေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်း အထူးလေ့ကျင့်ရေးဆင်းခွင့် ပေးခြင်း ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ အူဘာမီယန်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ရုတ်တရက်ထွက်ခွာမှု ပြုလုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်က အာဆင်နယ်အသင်းဝတ်စုံကို ဝတ်ဆင်ပြီး နောက်ဆုံးကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအစကတည်းက မိသားစုပြဿနာ၊ မမျှော်လင့်ဘဲ ငှက်ဖျားရောဂါကူးစက်ခံရမှုနဲ့ အသင်းရဲ့ ဖန်တီးနိုင်စွမ်းကင်းမဲ့မှုကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

Share

က္က