ပေါ့ဘာကတော့ ရော်နယ်ဒိုထက် လခပိုတောင်းဖို့ အကြံအစည်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်က ထွက်ခွာဖို့ သေချာသွားပြီလို့ မပြောနိုင်သေးဘဲ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ရွေးချယ်စရာတွေ သတ်မှတ်ထားကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ပေါ့ဘာနဲ့ယူနိုက်တက်တို့အကြား စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။



ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို စာချုပ်သစ်မချုပ်ဖြစ်ခဲ့ရင် လာမယ့်ဆောင်းရာသီမှာတင် ပေါ့ဘာက အခြားအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်မှာဖြစ်ပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပါလိမ့်မယ်။ ဒါပေမယ့် ဒီစာချုပ်သစ်ကိစ္စက အခုထိ လိပ်ခဲတည်းလည်းဖြစ်နေဆဲပါ။

ယူနိုက်တက်က ပေါ့ဘာကို လက်လွှတ်ရမယ်ဆိုတာ လက်ခံထားပြီလို့ သတင်းတွေဖော်ပြနေသလို ပေါ့ဘာကလည်း ယူနိုက်တက်မှာဆက်နေဖို့ ဆန္ဒရှိတုန်းလို့ ဆိုနေကြပါတယ်။ ဒါပေမယ့် ပေါ့ဘာကတော့ ယူနိုက်တက်မှာဆက်နေဖို့အတွက် ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုအလိုရှိနေတာပါ။

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် (၄၈၀,၀၀၀) ရရှိနေပြီး ပေါ့ဘာကတော့ ပေါင် (၂၉၀,၀၀၀) သာရရှိနေပါတယ်။ ယူနိုက်တက်ကတော့ ပေါ့ဘာကို စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းအထိ ပေးဖို့ ပြင်ဆင်ထားပေမယ့် ပေါ့ဘာကတော့ အဲ့ဒီလောက်နဲ့ ကျေနပ်မယ့်ပုံမပေါ်ပါဘူး။

ပေါ့ဘာအနေနဲ့ ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားဖို့ဆိုရင် တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ ရောက်ရှိသွားမှာပါ။ အဲ့ဒါဆိုရင်တော့ ဒီပမာဏက ယူနိုက်တက်မှာရော၊ ပရီးမီးယားလိဂ်မှာပါ ပေါ့ဘာကို လုပ်ခလစာအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ရပါလိမ့်မယ်။

ပေါ့ဘာသာ အမှန်တကယ် ဒီပမာဏကို တောင်းဆိုလာခဲ့ရင် ယူနိုက်တက်ဘက်က လက်ခံ၊ မခံဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာတော့ ပြင်သစ်နဲ့အတူ ရရှိခဲ့တဲ့ ညာဘက် ပေါင်ခြံ ဒဏ်ရာကြောင့် (၈) ပတ်ကနေ (၁၀) ပတ်အထိ အနားယူရမှာဖြစ်ပြီး (၂၀၂၁) ကုန်အထိ ယူနိုက်တက်ရဲ့ပွဲစဥ်တွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က