ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို နောက်ထပ် စွဲမက်ဖွယ်ရာ ကမ်းလှမ်းမှုတခုနဲ့ ထပ်မံ ကမ်းလှမ်းခဲ့ပြန်တယ်လို့ သိရှိရပါတယ်။ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်မယ့် အမ်ဘာပေကို ပီအက်စ်ဂျီက လက်လျှော့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် အခု နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ပီအက်စ်ဂျီဟာ ဘယ်အသင်းမှ မလုပ်ဖူးတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ အမ်ဘာပေကို ကမ်းလှမ်းလိုက်တယ်လို့ သိရှိရပါတယ်။ အဲ့ဒါကတော့ အမ်ဘာပေအနေနဲ့ လာမယ့်ရာသီ ပီအက်စ်ဂျီရဲ့ စီမံကိန်းတွေကို ဦးစီးလုပ်ဆောင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
အမ်ဘာပေအနေနဲ့ နည်းပြအပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ခန့်အပ်လိုတဲ့ နည်းပြကိုပါ စိတ်တိုင်းကျ ခန့်အပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေကို တလလုပ်ခ ပေါင် (၄) သန်း၊ တနှစ်ကို ပေါင် (၄၈) သန်း ပေးပြီး စာချုပ်သစ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။ ဒီပမာဏဟာ သူလက်ရှိရရှိနေတဲ့ ပမာဏရဲ့ နှစ်ဆဖြစ်ပါတယ်။
ဒါ့အပြင် အမ်ဘာပေက အသင်းနဲ့သာ စာချုပ်ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် အပိုဆုကြေး၊ ပုံရိပ်အသုံးပြုခွင့်တွေအပါအဝင် စုစုပေါင်း ပေါင်သန်း (၁၀၀) ကျော်အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီက ပိုချက်တီနိုရဲ့အနာဂတ်အတွက် အမ်ဘာပေကို ဆုံးဖြတ်ခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒါတွေကို အမ်ဘာပေဘက်က ဘယ်လိုတုံ့ပြန်လဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ရီးရဲလ်မက်ဒရစ်ဘက်ကတော့ အမ်ဘာပေကို အပိုင်ရပြီလို့ တွက်ချက်ထားကြပြီး စပိန်နာမည်ကျော် သတင်းစာတွေကလည်း ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးတာနဲ့ အမ်ဘာပေကို စာချုပ်ချုပ်မယ်လို့ အပြိုင်အဆိုင် ဖော်ပြနေကြပါတယ်။ အမ်ဘာပေကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှ တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။