ယူနိုက်တက် တောင်ပံကစားသမား ဂါနာချိုဟာ မနေ့ညက ဂါလာတာစာရေးနဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် တော်တော်လေး ပြဿနာရှာသွားခဲ့ပါတယ်။ ဒီပွဲကတော့ တစ်ဖက် သုံးဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲတစ်ပွဲပါ။
ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၁၁) မိနစ်မှာတင် ဂါနာချိုက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းအပြီး အောင်ပွဲခံချိန်မှာ ဂါနာချိုက ဂါလာတာစာရေးပရိသတ်တွေကို မထီမဲ့မြင် ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။
ဂါနာချိုဟာ ပရိသတ်တွေကို အေးဆေးနေဖို့၊ တိတ်တိတ်နေဖို့ ကိုယ်အမူအရာနဲ့ လုပ်ပြခဲ့ပြီး ပရိသတ်တွေက ဒေါသပေါက်ကွဲကာ ဂါနာချိုထံ ပစ္စည်းအချို့နဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ဂါလာတာစာရေး အသင်းခေါင်းဆောင် ဂိုးသမား မူဆလီရာကလည်း ကိုက် (၄၀) အကွာလောက်အထိ ပြေးလာခဲ့ပြီး ဂါနာချိုကို ရန်တွေ့ခဲ့ပါတယ်။
အဆိုပါ အာဂျင်တီးနားလူငယ်ကစားသမားလေးဟာ အရင်ချန်ပီယံလိဂ်ပွဲတုန်းကလည်း အခုလိုပဲ ပြိုင်ဘက်ပရိသတ်တွေကို ရိသဲ့သဲ့သွားလုပ်ခဲ့ဖူးပါသေးတယ်။ အခု ဂါလာတာစာရေးနဲ့ ဒုတိယအကျော့မှာလည်း ဒါမျိုး ထပ်ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်ကတော့ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဂါနာချိုရဲ့ အပြုအမူတွေအပေါ် ထိန်းသိမ်းပေးဖို့ သတိပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာတော့ နှစ်ဖက်အချင်းများမှုတွေရှိခဲ့ကြပေမယ့် ဂါနာချိုရော၊ ဂိုးသမား မူဆလီရာရော နှစ်ယောက်စလုံး အဝါကတ်ထိခဲ့ခြင်းတော့ မရှိပါဘူး။ ဂါနာချိုက ပွဲကစားချိန်အစောပိုင်းမှာ အခုလိုမျိုး ပြုမူခဲ့တာဖြစ်ပေမယ့် ပွဲအပြီးမှာလည်း ယူနိုက်တက်တို့ မနိုင်ခဲ့ဘဲ သုံးဂိုးစီသရေနဲ့ ကျေနပ်ခဲ့ရပါတယ်။