ယူနိုက်တက်ပရိသတ်တွေဟာ အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ပုံစံအတွက် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံမှန် ခြေစွမ်းပျောက်ဆုံးနေသူပါ။
အဲဗာတန်နဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးသာရရှိထားပြီး အခု ပွဲမှသာ ပင်နယ်တီကတစ်ဆင့် နောက်ထပ် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတောင်မှ ပင်နယ်တီကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ရပ်ရှ်ဖို့ဒ်ကို ကန်သွင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရပ်ရှ်ဖို့ဒ်တစ်ယောက် ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပြီးချိန်မှတောင် ဟက်ဟက်ပက်ပက် အောင်ပွဲခံခဲ့တာမျိုး မရှိပါဘူး။ အဲ့ဒါကြောင့်လည်း အသင်းဖော်တွေက ဝိုင်းဝန်းဂုဏ်ပြုရင်း ရပ်ရှ်ဖို့ဒ်ကို အောင်ပွဲခံဖို့ တွန်းအားပေးခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပမှာ ချစ်သူနဲ့ အဆင်မပြေလိုက်၊ အဆင်ပြေလိုက် အနေအထားမျိုးကို ဖြတ်သန်းနေရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး ဂိုးသွင်းပြီးချိန်၊ အသင်းနိုင်ပွဲရဖို့ သေချာသလောက်ရှိသွားချိန်မှာတောင် ရပ်ရှ်ဖို့ဒ် အောင်ပွဲမခံခဲ့တဲ့အပေါ် ပရိသတ်တွေက စိုးရိမ်နေပါတယ်။
ယူနိုက်တက်ပရိသတ်တွေက “ရပ်ရှ်ဖို့ဒ်တစ်ယောက် ဘာတွေဖြစ်နေတာလဲ။ သူက ပင်နယ်တီကနေ ဂိုးသွင်းပြီးတာတောင် မပျော်နိုင်တော့ဘူး” “ရပ်ရှ်ဖို့ဒ် တစ်ခုခုဖြစ်နေပုံပဲ” “ရပ်ရှ်ဖို့ဒ်က သူ့ရဲ့ အောင်ပွဲခံပုံကိုတောင် မေ့နေပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။