ဟာလန်းကတော့ ကိုပင်ဟေဂင်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရလို့ မှတ်တမ်းကောင်းကို လက်လွှတ်ခဲ့ရပါတယ်။

မနေ့ညက ကစားခ​ဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဒေါ့မွန်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် လူငယ်ကြယ်ပွင့်ဘီလင်ဟမ်က ဒီရာသီချန်ပီယံလိဂ်မှာ ၄ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဘီလင်ဟမ်က မာကိုရူးစ်ဒဏ်ရာကြောင့် အနားယူနေချိန်မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူပေးနေပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ 

တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ သူသွင်းယူပေးခဲ့တဲ့ ချေပဂိုးက တော်တော်လေးလှပပြီး ဆီဗီလာနောက်ခံလူတွေကို လှည့်စားနိုင်ခဲ့သလို ဂိုးပေါက်နဲ့ အနီးကပ်အနေအထားကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရာသီချန်ပီယံလိဂ်အုပ်စု ၄ ပွဲကစားပြီးချိန်မှာ ၄ပွဲစလုံးကို ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဒီရာသီမှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ တဦးတည်းသော အင်္ဂလန်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 



လာမယ့်ရာသီမှာ ဥရောပရဲ့ ထိပ်တန်းအသင်းတသင်းစီရောက်မယ်လို့ နာမည်ကြီးနေတဲ့ ဘီလင်ဟမ်က သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေကို ပိုပြီးတော့ ဆွဲဆောင်နေတာလည်းဖြစ်ပါတယ်။ ဟာလန်းထွက်ခွာသွားတဲ့နောက် ဒေါ့မွန်ရဲ့ အားအကိုးရဆုံးကစားသမားအဖြစ်နဲ့လည်း ရပ်တည်လာနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းကို အားလုံးက ချီးကျူးအသိအမှတ်ပြုခဲ့ရကာ ဒေါ့မွန်အတွက် နောက်ထပ်ငွေကြေးအများအပြားရစေမယ့်သူလို့လည်း သတ်မှတ်ခံထားရပါတယ်။ 


ဘီလင်ဟမ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ ယူနိုက်တက်၊ လာလီဂါဘီလူးကြီးရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ သူတို့ကစားသမားကို လွယ်လွယ်နဲ့ရောင်းထုတ်မှာမဟုတ်ဘဲ ပြောင်းရွှေ့ကြေးမြိုးမြိုးမြက်မြက်ရရှိမှသာ လက်ခံစဉ်းစားဖွယ်ရှိနေကာ အသင်းကြီးတွေကြား အားပြိုင်မှုတွေကလည်း ပြင်းထန်လာဖွယ်ရာရှိနေပါတယ်။ 


ဒီရာသီချန်ပီယံလိဂ်မှာ ပွဲတိုင်းဂိုးသွင်းထားနိုင်တဲ့ ကစားသမားအဖြစ် ဘီလင်ဟမ်ရဲ့ ဒေါ့မွန်အသင်းဖော်ဟောင်းဟာလန်းလည်း ရှိနေခဲ့တာပါ။ ဒါပေမယ့် မနေ့ကပွဲမှာ ဟာလန်းက အရန်ခုံမှာသာရှိနေခဲ့ပြီး လေးပွဲဆက်ဂိုးရမယ့်မှတ်တမ်းကို လက်လတ်ခဲ့ရပြီး ဘီလင်ဟမ်က အရင်ရယူသွားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က