ဆီဗီလာကိုအနိုင်ယူအပြီး အဝတ်လဲခန်းထဲ အောင်ပွဲခံခဲ့ကြတာပါ။

ဆီဗီလာကို ရီးရဲလ်မက်ဒရစ်က နောက်ကျသွင်းဂိုးနဲ့အတူ အံ့အားသင့်ဖွယ်ရာနိုင်ပွဲဖန်တီးနိုင်ခဲ့အပြီး အဝတ်လဲခန်းအတွင်းမှာ အောင်ပွဲခံခဲ့ရာမှာတော့ ဂါရတ်ဘေးလ်တယောက် အူကြောင်ကြောင်ဖြစ်နေခဲ့ပြန်ပါတယ်။ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ ရီးရဲလ်တို့ ပြန်အနိုင်ရခဲ့ပြီး လာလီဂါဖလားအတွက် နောက်ထပ်ခြေတလှမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့်ပဲ ရီးရဲလ်အသင်းသားတွေဟာ အဝတ်လဲခန်းထဲ အားပါးတရအောင်ပွဲခံခဲ့ကြပြီး အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြပါတယ်။ အသင်းသားအားလုံးပျော်ရွှင်နေပေမယ့်လည်း ဂါရတ်ဘေးလ်ကတော့ အားလုံးကို ကြောင်တောင်တောင်အမူအယာနဲ့ လိုက်ကြည့်နေခဲ့ပြီး အသင်းနိုင်ပွဲက သူနဲ့မသက်ဆိုင်သလိုဖြစ်နေခဲ့ရပါတယ်။ 



ဝေးလ်ကြယ်ပွင့်ကစားသမားဟာ ရီးရဲလ်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး အသင်းနဲ့ဆက်ဆံရေးပျက်ပြားနေသူလည်းဖြစ်ပါတယ်။ ရာသီကုန်မှာ အသင်းကထွက်ခွာတော့မှာဖြစ်ပြီး လက်ကျန်စာချုပ်သက်တမ်းကြောင့် ဆက်ရှိနေပေမယ့် ကစားခွင့်မရဖြစ်နေပြီး အရေးမပါတဲ့အချိန်တွေမှာသာ လူစားဝင်ကစားသမားအဖြစ် ကစားပေးနေရတာဖြစ်ပါတယ်။ 



ကစားသမားအားလုံးက လက်ခုပ်တီးကာ အော်ဟစ်နေခဲ့ပြီး ဘန်ဇီမာကလည်း တော်တော်လေးပျော်ရွှင်နေခဲ့တာကို ဗီဒီယိုမှတ်တမ်းအရ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ ဗင်နီရှပ်နဲ့ လူးကပ်စ်ဗက်ကွက်ဇ်တို့ရဲ့နောက်မှာ မတ်တပ်လေးရပ်ပြီး ဟိုဟာလုပ်နေသလိုလို၊ ဒီဟာလုပ်နေသလိုလိုဖြစ်နေပြီး တယောက်တည်းအဖော်မဲ့နေခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ရီးရဲလ်တို့ ဆုဖလားနဲ့အတူ အောင်ပွဲခံခဲ့စဉ်က ဘေးလ်က အသင်းဖော်တွေလို ပျော်ရွှင်မနေခဲ့ဘဲ ဝတ်ကျေတန်းကျေသာ ရှိနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး အခုတခါကတော့ ဒုတိယအကြိမ်မြောက်ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က