၁၉၉၈ UEFA ဗိုလ်လုပွဲမှာ သူ့ရဲ့ခြေစွမ်းပြခဲ့မှုက ပြိုင်ဘက်ကို တဦးတည်းနဲ့တောင် ရင်ဆိုင်ခဲ့တယ်လို့ တင်စားပြောဆိုခဲ့တာပါ။

နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုရဲ့ ကစားသမားဘ၀မှာ ဘယ်တော့မှ မေ့လို့မရမယ့် ပွဲတပွဲရှိခဲ့ဖူးပါတယ်။ အဲဒီပွဲကတော့ လာဇီယိုနဲ့ကစားခဲ့တဲ့ ၁၉၉၈ UEFA ဖလားဗိုလ်လုပွဲ (အခု ယူရိုပါလိဂ်) ပါ။ အခုဆိုရင် အဲဒီပွဲက နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မျက်မြင်ကိုယ်တွေ့ကြည့်ရှုခဲ့ရသူတွေကတော့ ရော်နယ်ဒိုကြီးရဲ့ ခြေစွမ်းက တသက်မေ့မရစရာဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ အဲဒီတုန်းက ရော်နယ်ဒိုဟာ ဘာစီလိုနာကနေ အင်တာမီလန်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်တာကစားသမားဘ၀ ပထမဆုံးရာသီလည်းဖြစ်ပါတယ်။ 

သူ့ရဲ့ နာမည်အကျော်ကြားဆုံးအချိန်အခါဖြစ်နေသလို ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိထားတာကလည်း ပူပူနွေးနွေးပဲရှိသေးလို့ ဒိုကြီးက သူ့အစွမ်းကို ကမ္ဘာကြီးဆီပြသချင်နေခဲ့ပါတယ်။ ပြီးတော့ အင်တာမီလန်အတွက် ပထမဆုံးရာသီမှာပဲ သူက ဆုဖလားဆွတ်ခူးပေးချင်နေခဲ့ပြီး ဒီဗိုလ်လုပွဲအတွက် တော်တော်လေးအားခဲခဲ့တယ်လို့ ဆိုပါတယ်။ RMC Sports နဲ့ ပြုလုပ်ခဲ့တဲ့ R9, le Film ဆိုတဲ့ Documentary မှာ ဒိုကြီးရဲ့ အင်တာမီလန်အသင်းဖော်တွေက အခုလိုမျိုးပြောခဲ့ဖူးပါတယ်။ "သူက အဝတ်လဲခန်းကို သော့ခတ်ပြီးတော့ ငါတို့ ဒီပွဲကိုအနိုင်ရမှာပါလို့ ပြောခဲ့တယ်၊ ပြီးတော့ သူ့အပေါ် စိတ်မပျက်ခဲ့ရပါဘူး" လို့ ဖွင့်ဟခဲ့ကြတာပါ။

လာဇီယိုနဲ့ ဗိုလ်လုပွဲက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ဒိုကြီးက သူ့ရဲ့ tricks ၊ flicks တွေနဲ့ ဒီနေ့ခေတ်မှာနာမည်ရနေတဲ့ dribbles တွေကို ကောင်းကောင်းအသုံးပြုခဲ့ပြီး ပြိုင်ဘက်ကိုထိုးနှက်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးရော်နယ်ဒိုနဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တဦးဖြစ်လာမယ့် နက်စတာတို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အနိုင်ရမယ့်သူကတော့ တဦးတည်းအဖြစ်နဲ့သာရှိခဲ့တာပါ။ အင်တာမီလန်က ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့ရာမှာ ဇာမိုရာနိုက အဖွင့်ဂိုးသွင်းခဲ့ပြီး ဇနက်တီနဲ့ ဒိုကြီးတို့က ဒုတိယပိုင်းမှာ တဂိုးစီသွင်းခဲ့ကြတာပါ။ ဇာမိုရာနိုဆိုတာကတော့ ကျောနံပါတ် ၉ ဝတ်ဆင်ခွင့်မရလို့ ၈+၁ ဆိုတဲ့ ကျောနံပါတ်ကို ဝတ်ဆင်ကစားခဲ့တဲ့ ချီလီတိုက်စစ်မှူးပါ။ အဲဒီတုန်းကတော့ သူက ကျောနံပါတ် ၉ ဝတ်ဆင်ကစားခဲ့ပါတယ်။ 

ဗိုလ်လုပွဲရဲ့အကောင်းဆုံးဆုကို ဒိုကြီးက ဆွတ်ခူးခဲ့ပြီး သူ့ရဲ့ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကို ပြသမယ်လို့ ကတိပေးခဲ့တဲ့အတိုင်းဖြစ်လာခဲ့တာပါ။ လာဇီယိုကစားသမားတွေအားလုံးကို out of position ဖြစ်လာအောင် သူ့ရဲ့ skills တွေ အကုန်လုံးကို ဒိုကြီးက ထုတ်သုံးပြခဲ့ပြီး သူ့ရဲ့နာမည်အကျော်ကြားဆုံးဖြစ်တဲ့ ဂိုးသွင်းဟန်နဲ့အတူ လာဇီယိုဘက်ကို ဂိုးသွင်းပြခဲ့တာပါ။ ရော်နယ်ဒိုက လူကျွံထောင်ချောက်ကို လှလှပပကျော်ဖြတ်ပြီးတော့ ဘောလုံးကို ဆွဲယူသွားချိန်မှာ လာဇီယိုကစားသမားတွေက လက်တွေထောင်ပြီး လူကျွံဘောတောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒိုကြီးကတော့ သူ့အကြောင်းကိုသူ ကောင်းကောင်းသိလို့ တချက်လေးမှတောင် မတွန့်ဆုတ်ခဲ့ပါဘူး။ 

လာဇီယိုဂိုးသမားရှေ့ထွက်ပြီး ဟန့်တားလာချိန်မှာတော့ ဒိုကြီးက ခန္ဓာကိုယ်ကို ဘယ်ယိမ်းညာယိမ်းပြီးလှည့်စားတဲ့ သူ့ရဲ့နာမည်ကျော်အကွက်နဲ့ ဖောက်ထွက်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ "ကျနော်တို့ အရမ်းကောင်းအောင်ကစားနိုင်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲပါ၊ ပွဲအစကနေ အဆုံးထိ အမှားတခုတောင်မှ မကျူးလွန်ခဲ့ပါဘူး၊ ကျနော်ပျော်ရွှင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက အင်တာမီလန်နဲ့အတူ ကျနော့်ရဲ့ပထမဆုံးဖလားဖြစ်လို့ပါ၊ ပဲရစ်မှာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ပွဲပါ၊ လက်ရွေးစင်အသင်းကိုရောက်ရင်လည်း ကျနော်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် အခုလိုပဲ အကုန်လုံးပေးဆပ်မှာပါ" လို့ ပွဲအပြီးမှာ ဒိုကြီးက ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ ဘရာဇီးလ်တို့ အိမ်ရှင်ပြင်သစ်ကို အရေးနိမ့်ခဲ့ပါတယ်။ ဒိုကြီးလည်း ဗိုလ်လုပွဲနီးခါနီးမှ ဝက်ရူးပြန်သလိုလို၊ ဘာလိုလိုတွေဖြစ်ခဲ့ပြီး ကောင်းကောင်းမကစားပြနိုင်ခဲ့ပါဘူး။ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်တို့ ပြန်ဗိုလ်စွဲခဲ့ချိန်မှာတော့ ဒိုကြီးက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၉၈ UEFA ဗိုလ်လုပွဲမှာတော့ ဒိုကြီးက အံ့မခန်းစရာ one-man performance ကို ပြသခဲ့ပြီး အမှတ်ရစရာပွဲအဖြစ်နဲ့တော့ ရှိခဲ့ပါတယ်။ သူ့အတွက် ရှားရှားပါးပါး ဥရောပအောင်မြင်မှုလည်း ဖြစ်ခဲ့တာပါ။ 

Share

Loading Next Article...
က္က