ဒီနေ့ညကစားသွားမယ့် ယန်းဘွိုင်းနဲ့ကစားသွားရမယ့် ပွဲမတိုင်ခင် ရော်နယ်ဒိုဟာ အသင်းဖော်တွေကို နည်းပြအဖွဲ့ဝင်တွေရှေ့မှာ မိန့်တမ်းချွေခဲ့တယ်လို့ ဆိုပါတယ်။ အသင်းအတွက် အနစ်နာခံပေးဆပ်သွားဖို့အတွက် ရော်နယ်ဒိုက တောင်းဆိုတိုက်တွန်းခဲ့ပြီး အသင်းချစ်မြတ်နိုးစိတ်နဲ့ အရာအားလုံးပေးဆပ်ကစားသွားဖို့ကို စီနီယာကစားသမားတစ်ဦးအနေနဲ့ ပြောဆိုခဲ့ကြောင်း The Sun က ဆိုပါတယ်။
ဒီပွဲဟာ ရော်နယ်ဒိုအတွက် ယူနိုက်တက်ကိို တကျော့ပြန်ရောက်လာချိန်မှာ ဒုတိယမြောက်ကစားရမယ့် ပွဲလည်းဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမတိုင်ကလည်း အသင်းတည်းခိုရာဟိုတယ်မှာ ရော်နယ်ဒိုက အသင်းသားတွေကို စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ဝန်ခံခဲ့ပြီး ကစားသမားကောင်းတစ်ဦးပီသမှုအပြည့်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက "ရော်နယ်ဒိုက စွမ်းအားအပြည့်ပါတဲ့ ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်၊ ကစားသမားအားလုံးနဲ့ နည်းပြအဖွဲ့ဝင်အားလုံး ငြိမ်ငြိမ်လေးနားထောင်ခဲ့ကြပါတယ်၊ သူက အသင်းဖော်တွေကို ပြောခဲ့ပါတယ်၊ ယူနိုက်တက်အတွက် ၂ရာသီကစားဖို့ ငါပြန်လာခဲ့တယ်၊ ပထမတချက်ကတော့ ဒီအသင်းကို ချစ်လို့၊ ဒုတိယတချက်က ဒီအသင်းရဲ့ အနိုင်ရဖို့ပေါက်ဖွားလာတဲ့ စိတ်ဓာတ်ကြောင့်ပဲ၊ ဒီကို cheerleader တစ်ဥိးအနေနဲ့ ပြန်လာခဲ့တာမဟုတ်ဘူး"
"အောင်မြင်မှုရချင်တယ်ဆိုရင် မင်းတို့အသည်းနှလုံးအတွင်းပိုင်းထဲကနေ ဒီအသင်းကို ချစ်မြတ်နိုးနေဖို့ လိုအပ်တယ်၊ အိပ်စက်မယ်၊ စားသောက်မယ်၊ ဒီအသင်းအတွက် တိုက်ခိုက်ဖို့လိုတယ်၊ ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ အသင်းဖော်တွေကို အားပေးဖို့လိုအပ်ပြီး အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်နေရမယ်၊ ဒီကို ငါရောက်နေတာ အနိုင်ရဖို့နဲ့ တခြားဘာမှမရှိဘူး၊ အနိုင်ရခြင်းက ငါတို့ကိုပျော်ရွှင်စေတယ်၊ ငါလည်း ပျော်ရွှင်ချင်တယ်၊ မင်းတို့ရော?"
"မင်းတို့ တိုက်ပွဲဝင်ဖို့အသင့်ပဲလား၊ အရာအားလုံးကို ကွင်းထဲမှာ ပေးဆပ်ချန်ထားရစ်ဖို့ အသင့်ပဲမဟုတ်လား" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ သူ့စကားအဆုံးမှာ ကစားသမားတွေဟာ ရော်နယ်ဒိုကို လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။