ရော်နယ်ဒိုကို တူရကီတိုက်စစ်မှူးကြီးက ချီးကျူးခဲ့တာပါ။

ပေါ်တူဂီဟာ ဒီကနေ့ညမှာ ကမ္ဘာ့ဖလား ပလေးအော့ဖ် ခြေစစ်ပွဲအဖြစ် တူရကီနဲ့ အရေးကြီးပွဲတပွဲကို ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲအတွက် ပေါ်တူဂီရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဒီယက်စ်နဲ့ ပီပီတို့က ဒဏ်ရာနဲ့ ကိုဗစ်ပြဿနာတွေကြောင့် လွဲချော်ရမှာဖြစ်ပါတယ်။



အဲ့ဒါကြောင့်လည်း ပေါ်တူဂီရဲ့ ခံစစ်တန်းအတွက် စိုးရိမ်နေရပြီး ရော်နယ်ဒို ကိုယ်တိုင်လည်း ဒီအတွက် ပူပန်နေရမယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြိုင်ဘက် တူရကီ တိုက်စစ်မှူး ယီလ်မက်ဇ်က ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ထာဝရအကောင်းဆုံး ကစားသမားတယောက်ဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။

ယီလ်မက်ဇ်က “ကျနော့်အတွက်တော့ ရော်နယ်ဒိုက ကမ္ဘာပေါ်မှာ ထာဝရအကောင်းဆုံး ကစားသမားတယောက်ပါ။ ကျနော် သူ့ကို လေးစားသလို ချစ်လည်း ချစ်ခင်ပါတယ်။ အခု လာမယ့် ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်မလား ကျနော် မသိပါဘူး။ သေချာတာကတော့ ကျနော့်အတွက်တော့ နောက်ဆုံး ကမ္ဘာ့ဖလားပါ”

“ဒီတော့ ကျနော် ကွင်းထဲမှာ အသင်းအတွက် ပွဲထွက်ကစားရင်း ကျနော့်နိုင်ငံအတွက် အကောင်းဆုံးတွေကို ကူညီပေးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီနဲ့ တူရကီတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်တွေမှာ ဒုတိယနေရာသာ ရရှိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အခုလိုမျိုး ပလေးအော့ဖ်အဆင့်ကို ဆက်လက်ကစားခဲ့ရတာဖြစ်ပြီး ဒီနှစ်သင်းထဲက အနိုင်ရတဲ့အသင်းဟာ တဖက်က အီတလီနဲ့မြောက်မက်ဆီဒိုးနီးယားတို့ နှစ်သင်းထဲက အနိုင်ရတဲ့အသင်းနဲ့ နောက်ဆုံး အဆုံးအဖြတ်ပွဲအဖြစ် ဆက်လက် ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာအချက်တခုကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ တူရကီနဲ့ နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး အဲ့ဒီနှစ်ကြိမ်လုံးမှာ တဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဒီနေ့ညမှာတော့ ရော်နယ်ဒိုတယောက် သွင်းဂိုးတွေနဲ့အတူ ပေါ်တူဂီကို ကမ္ဘာ့ဖလားကစားခွင့် မျှော်လင့်ချက် အသက်ဆက်စေမလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က