ပီအက်စ်ဂျီနဲ့အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်လူ ပါရီဒက်စ်က (၂၀၂၂) ကာတာကမ္ဘာ့ဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့ရင် ကိုယ့်အတွက်ကိုယ်ထက် မက်ဆီအတွက် ပိုပြီး ပျော်ရွှင်မိလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလားဟာ မက်ဆီအတွက် တခုတည်းသော လိုအပ်နေတဲ့ ဆုဖလားလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပူပူနွေးနွေး ဇွန် (၁) မှာပဲ ယူရိုချန်ပီယံအီတလီကိုအနိုင်ယူကာ Finalissima ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ဒီကမ္ဘာ့ဖလားက မက်ဆီအတွက်လည်း နောက်ဆုံးသောကမ္ဘာ့ဖလားဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် အာဂျင်တီးနားတနိုင်ငံလုံးက မက်ဆီကို ကမ္ဘာ့ဖလားဆွတ်ခူးသွားစေချင်တဲ့ဆန္ဒရှိနေပါတယ်။
အခုတခါမှာလည်း မက်ဆီနဲ့ ကလပ်မှာရော၊ လက်ရွေးစင်မှာပါ အသင်းဖော်ဖြစ်တဲ့ ပါရီဒက်စ်က “တကယ်လို့ ကျနော်တို့ အာဂျင်တီးနားသာ ကမ္ဘာ့ဖလားရခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ထက် မက်ဆီအတွက် ပိုပြီးပျော်ရွှင်မိမှာပါ။ ဒါက မက်ဆီအတွက် နောက်ဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲမဖြစ်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်”
“နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲထပ်ရောက်လာဖို့ (၄) နှစ်လောက် ဖြတ်သန်းရတာက ခက်ခဲပါတယ်။ အဲ့ဒီအချိန်ကျရင် မက်ဆီကို နောက်တန်းမှာ ပေးကစားလိုက်ပါ။ ကျနော်လည်း ဆင်းကူပါ့မယ်ဗျာ၊ ဟား ဟား” လို့ ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းသားတွေဟာ မက်ဆီနဲ့ပတ်သက်လို့ အများကြီး ဦးစားပေးနေကြပါတယ်။
Finalissima အပြီးမှာ မက်ဆီနဲ့ဓာတ်ပုံတွဲရိုက်ဖို့ တန်းစီစောင့်ဆိုင်းခဲ့ကြသလို အခု ပါရီဒက်စ်ရဲ့ပြောစကားတွေကလည်း မက်ဆီအတွက် အာဂျင်တီးနားအသင်းဖော်တွေ၊ နည်းပြနဲ့ ဝန်ထမ်းတွေ ဘယ်လောက်အထိပေးဆပ်လိုစိတ်ရှိနေကြလဲဆိုတာ သက်သေပါ။ မက်ဆီအနေနဲ့လည်း ဒီလိုမျိုး ခွန်အားတွေကို အသုံးချပြီး သူ့ရဲ့ကစားသမားဘဝအတွက်၊ အာဂျင်တီးနားနိုင်ငံအတွက် ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးသွားနိုင်မလား စိတ်ဝင်စားဖို့ကောင်းနေပါတယ်။