စပါးနဲ့ ဆီဗီလာတို့ရဲ့ မနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲကတော့ တဖက်တဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်အတွင်းမှာ နှစ်ဖက်ကစားသမားတွေ အနည်းငယ်ကတောက်ကဆဖြစ်ပွားခဲ့ပြီး စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် နဲ့ ဆီဗီလာညာနောက်ခံလူ ဂွန်ဇာလိုမွန်တီရယ်တို့ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘောလုံးကစားနေချိန်အတွင်းမှာ ဆွန်ဟောင်မင်က မွန်တီရယ်ကို မတော်တဆ တံတောင်နဲ့ ရိုက်မိခဲ့ပါတယ်။ ဒီတံတောင်ချက်ကြောင့် မွန်တီရယ်တယောက် ပါးစပ်က သွေးထွက်ခဲ့ပြီး ကွင်းထဲလဲကျကျန်နေရစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ပထမပိုင်းပြီးဆုံးကြောင်း ခရာမှုတ်ခဲ့ချိန်မှာ မွန်တီရယ်က ဆွန်ဟောင်မင်ကို ဒီအဖြစ်အပျက်အတွက် ပြောဆိုမှုတွေလုပ်ဖို့ကြိုးစားခဲ့ပြီး အငြင်းပွားခဲ့ကြပါတယ်။
ဒီအချိန်မှာ ဆွန်ဟောင်မင်အတွက် ရစ်ချာလီဆန်နဲ့ ရိုမီယိုတို့က ဝင်ရောက်ကာကွယ်ပေးမှုတွေလုပ်ခဲ့ကြပါတယ်။ မွန်တီရယ်နဲ့ ဆွန်ဟောင်မင်တို့ကြားကို သူတို့နှစ်ဥိးက ဝင်ရောက်ခဲ့ပြီး အသင်းဖော်ကို ကာကွယ်ပေးခဲ့တာပါ။ ဒီနောက်မှာတော့ အခြားဆီဗီလာကစားသမားတွေလည်း ဝင်ရောက်လာခဲ့ပြီး နှစ်ဖက်အသင်းကြား ငြင်းခုန်မှုတွေဖြစ်ပွားခဲ့ပါတော့တယ်။ ဒီအပြုအမူနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ ပရိသတ်တဦးက "ဆွန်နီကို သွားမစနဲ့၊ ရိုမီယိုနဲ့ ရစ်ချာလီဆန်တို့က သူ့နောက်မှာ အမြဲတမ်းရှိတယ်" လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ်တဦးကလည်း "ရိုမီယိုနဲ့ ရစ်ချာလီဆန်တို့က ဆွန်ရဲ့ ဘော်ဒီဂတ်တွေပဲ" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားသားကတော့ အသင်းတွင်းမှာ တော်တော်လေးလူချစ်လူခင်ပေါနေဟန်ရှိပြီး ပြသနာတက်နေချိန်မှာ အသင်းဖော်တွေက သူ့ကို မဆိုင်းမတွဘဲ ချက်ချင်းဝင်ရောက်ကာကွယ်ပေးမှုတွေ ပြုလုပ်ပေးတာကို ခံယူနေရတာဖြစ်ပါတယ်။