ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ကြာသပတေးနေ့မှာ ကစားသမားတွေကို အစည်းအဝေးခေါ်ခဲ့ပြီး မက်ဂွိုင်းရားနဲ့ရော်နယ်ဒိုတို့ရဲ့ အနေအထားအပေါ် ဆူပူပြစ်တင်မှုတွေ လုပ်ခဲ့ကြောင်း The Sun ရဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးနောက် လီဗာပူးကို ပြန်လည်အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ မီဒီယာစာမျက်နှာတွေထက်မှာ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ယူနိုက်တက်အသင်းတွင်းဖြစ်ပွားခဲ့တဲ့ အခြေအနေတွေက ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ စနေညမှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး နောက်တနေ့ တနင်္ဂနွေမှာ တန်ဟက်ခ်က ကစားသမားတွေကို (၁၃.၈) ကီလိုမီတာပြေးခိုင်းခဲ့တာ၊ သူကိုယ်တိုင် ဝင်ပြေးခဲ့တာ အပါအဝင် အခုတခါမှာလည်း မက်ဂွိုင်းရားနဲ့ ရော်နယ်ဒိုကို တန်ဟက်ခ် ပေါက်ကွဲခဲ့တဲ့အကြောင်း ထပ်မံ ထွက်ပေါ်လာခဲ့တာပါ။
တန်ဟက်ခ်က အဲ့ဒီအစည်းအဝေးမှာတင်ပဲ ရော်နယ်ဒိုနဲ့မက်ဂွိုင်းရားနှစ်ယောက်လုံးကို လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးမှာ မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အဲ့ဒီအစည်းအဝေးမှာ တန်ဟက်ခ်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးခဲ့ခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။ တန်ဟက်ခ်ဟာ အဆိုပါ အစည်းအဝေးမှာပဲ ယူနိုက်တက်ကစားသမားတွေကို အသင်းအတွက် အနစ်နာခံပေးဆပ်ဖို့ သတိပေးခဲ့ပါတယ်။
တန်ဟက်ခ်အနေနဲ့ ရော်နယ်ဒိုရဲ့အနေအထားအပေါ် သဘောမကျဘဲ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေကြားထဲမှာ ရော်နယ်ဒိုရဲ့လုပ်ရပ်တွေအပေါ် စိတ်ပျက်နေတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း အဲ့ဒီအစည်းအဝေးမှာပဲ သူ့ကို နံပါတ် (၉) နေရာ ကစားခွင့်ပေးဖို့ တန်ဟက်ခ်ကို တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ ယူနိုက်တက်တိုက်စစ်နေရာမှာ နံပါတ် (၉) ကစားသမားအဖြစ် မာရှယ်လ်ရှိနေပြီး ရော်နယ်ဒိုကတော့ ဒီနေရာမှာ ကစားဖို့ ရုန်းကန်နေရတယ်လို့ ယုံကြည်နေသူတွေရှိပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကြီးကို စတင်ရောက်ရှိလာချိန်မှာ တိုက်စစ်မှူးစစ်စစ်အနေနဲ့ ကစားခွင့်ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ လီဗာပူးနဲ့ပွဲမှာ တောင်ပံနေရာသာ ကစားခွင့်ရခဲ့ပေမယ့် တိုက်စစ်မှူး မာရှယ်လ်ရဲ့ ဖန်တီးပေးမှုကနေ အသင်းအတွက် တဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။