လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းက အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်တာကြောင့် လီဂူးဝမ်းကလပ်အသင်းရဲ့ အမာခံပရိသတ်တွေဟာ အာဂျင်တီးနားဂန္တဝင်ကို ဆန္ဒပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဥရောပထိပ်တန်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ရလဒ်အနေနဲ့ မက်ဆီရဲ့ ပဲရစ်က အနာဂတ်ဟာ အမှောင်အတိကျနေခဲ့ပြီး လက်ရှိစာချုပ်ကလည်း ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း နှစ်ဖက်ကြားမှာ သဘောတူညီမှု တစ်စုံတရာမရရှိသေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘလွန်ဒေါ ၇ ဆုရှင်ကို ဆော်ဒီ ပရိုလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ အယ်လ် ဟီလာလ်က ခေါ်ယူချင်နေတာကြောင့် အရှေ့အလယ်ပိုင်းကို ကြီးမားတဲ့ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး မေဂျာလိဂ်ကလည်း အာဂျင်တီးနားဂန္တဝင်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီကို ဆန္ဒပြမယ့် အစီအစဉ်ကို ဦးဆောင်မယ့် အဖွဲ့ဝင်တွေထဲက တစ်ဦးက “ကျွန်တော်တို့ ဒီတနင်္ဂနွေနေ့မှာ မက်ဆီကို ဝီစီမှုတ်သွားမှာပါ။ သူက ကွင်းထဲမှာ လုပ်ပေးနိုင်တာနဲ့ယှဉ်ရင် လစာက အရမ်းမြင့်မားလွန်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီအမာခံပရိသတ်တွေဟာ လီယွန်နယ် မက်ဆီအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ရော ဒုတိယအကျော့မှာပါ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့တဲ့နောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုက အပြစ်အများဆုံးရှိနေတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။
Share