PSG တိုက်စစ်ကစားသမားလေး အမ်ဘာပေဟာ သူ့ရဲ့ (၂၃) နှစ်ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့တနင်္ဂနွေမှာ ကလပ်အသင်းဖော်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့ပါတယ်။ အမ်ဘာပေဟာ မိုနာကိုကနေ PSG ကို ရောက်ရှိလာပြီးနောက်ပိုင်း လက်ရှိ အသင်းမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားလို့ဆိုရမှာပါ။
သူ့ရဲ့မွေးနေ့ကိုတော့ အသင်းနဲ့တပွဲသာ ကစားရသေးတဲ့ နောက်ခံလူကြီး ရာမို့စ်အပြင် ဂိုးသမား နာဗက်စ်၊ ဟာရဲရား၊ ဟာကီမီ၊ ရာဖင်ဟာ၊ ဗာရက်တီနဲ့ ဘားနက်တို့ တက်ရောက်ခဲ့ပြီး ဒီမွေးနေ့ပွဲမှာ အမ်ဘာပေကို ဝိုင်းဝန်းစနောက်တဲ့ အရာတခုကို တက်ညီလက်ညီပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒါကတော့ အမ်ဘာပေရဲ့ မွေးနေ့ပွဲကို ရောက်လာခဲ့တဲ့ အသင်းဖော်တွေက အမ်ဘာပေဆိုတဲ့ နာမည်နဲ့ (၂၀၅၀) လို့ရေးထိုးထားတဲ့ PSG အိမ်ကွင်းဂျာစီကို ယူဆောင်လာခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြန့်ကြာနေတဲ့ အမ်ဘာပေကို ဝိုင်းဝန်းစနောက်ခဲ့ကြတာပါ။
လက်ရှိ အသင်းဖော်တွေ ယူဆောင်လာတဲ့ ဂျာစီအရတော့ အမ်ဘာပေအနေနဲ့ PSG မှာ နောက်ထပ် (၂၉) နှစ် ဆက်နေရဖို့ရှိပြီး သူတို့တွေရဲ့ဓာတ်ပုံမှတ်တမ်းတွေက ပရိသတ်တွေအတွက်တော့ ရယ်စရာဖြစ်ခဲ့ရတာပါ။ အမ်ဘာပေရဲ့ မွေးနေ့မှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်ကလည်း အလွှာ (၁၁) လွှာအထိ ပါရှိပြီး ဒီကိတ်မုန့်ရဲ့ ဒီဇိုင်းပြင်ဆင်ထားမှုကိုလည်း ပရိသတ်တွေက သဘောကျနှစ်သက်လျက်ရှိပါတယ်။
အမ်ဘာပေရဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ အခြားအသင်းတသင်းနဲ့ အကြိုသဘောတူညီမှု ရယူနိုင်တော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ PSG နဲ့ ရီးရဲယ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေတာကြောင့် ရီးရဲယ်မက်ဒရစ်အနေနဲ့ ရှေ့လထဲမှာ အမ်ဘာပေနဲ့ သဘောတူညီမှုရရှိခဲ့သည့်တိုင် လာမယ့်နွေရာသီမှသာ အသိပေးကြေညာသွားဖွယ်ရှိနေပါတယ်။