ဂါလာတာစာရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

တူရကီကလပ် ဂါလာတာစာရေးမှာ ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း တော်ရဲရားကတော့ အသင်းပရိသတ်တွေ ပျော်ရွှင်မှုရဖို့အတွက် ဆုဖလားကို ရယူပေးနေရာမှာ သူ့အသက် သေပေးရမယ်ဆိုရင်တောင် အသင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။ ဂါလာတာစာရေးဟာ တူရကီစူပါလိဂ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဆုဖလားရယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပါပြီ။ 

ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကနေ အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ တော်ရဲရားက အဓိကကစားသမားတဦးအဖြစ်နဲ့ ပါဝင်ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဥရုဂွေးသားက ပြီးခဲ့တဲ့ ကာရမ်ဂူရပ်ခ်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အထက်ပါအတိုင်း ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ 

"ဒီလို လှပတဲ့တိုင်းပြည်ကို ကျနော် ရည်ရွယ်ချက်တခုတည်းနဲ့ ရောက်လာခဲ့တာပါ၊ အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့ ဒီအသင်းရဲ့ အရောင်အဆင်းကို ကျနော် ချစ်မြတ်နိုးပါတယ်၊ ဘယ်သူတဦးတယောက်ကမှ၊ ဘယ်အရာကမှ ကျနော်တို့သွားနေတဲ့လမ်းကြောင်းပေါ်မှာ မပိတ်ဆို့နိုင်ပါဘူး၊ ဒီပရိသတ်တွေအတွက်ဆိုရင် ကျနော် သေဆိုရင်တောင် သေပေးမှာပါ"

"ညီအကိုတွေလိုမျိုး အဆုံးအထိ တိုက်ပွဲဝင်သွားမယ်၊ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အမြဲတမ်းက ဂါလာတာစာရေးပါပဲ" လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။ တော်ရဲရားကတော့ သူ့ရဲ့ ထက်သန်ပြင်းပြတဲ့ကစားပုံကြောင့် လူသိများထင်ရှားခဲ့သူဖြစ်ကာ ဂါလာတာစာရေးကွင်းလယ်ခံစစ်ပိုင်းမှာ တော်တော်လေးခြေစွမ်းပြနေသူဖြစ်ပါတယ်။ 

ဒီရာသီ တူရကီလိဂ်မှာ သူက တပွဲကို ပျမ်းမျှအားဖြင့် ဖျက်ထုတ်မှု ၂.၄ ကြိမ်၊ တဦးချင်းအနိုင်ရမှု ၅.၂ ကြိမ် နဲ့ ပြစ်ဒဏ်ဘောအသာရရှိမှု ၁ ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ ဂါလာတာစာရေးဟာ အမှတ်ပေးဇယားမှာလည်း အဓိကပြိုင်ဘက်ဖီနာဘာချီကို ၆ မှတ်ဖြတ်ထားပြီး ၇ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ 


ဟွမ်မာတာ၊ ဇန်နီအိုလို၊ ဒရိုင်းစ်မာတင်၊ အီကာဒီတို့လို နာမည်ကျော်ကစားသမားတွေကို တစုတစည်းတည်းနဲ့ ခေါ်ယူခဲ့ကာ တူရကီချန်ပီယံဖြစ်လာဖို့အတွက် အားထုတ်နေတာက ခရီးပေါက်နေခဲ့ပြီဖြစ်ပါတယ်။ 


Share

က္က