အဲရစ်တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ အားလုံးရဲ့ အထင်ကြီးမှုကို ရနေပြီဆိုရင် ထထဖောက်တဲ့ အလေ့အထကို အခုထိမပြင်ဆင်နိုင်သေးပါဘူး။ ရလဒ်တွေဆက်တိုက်ကောင်းနေပြီး ဆုဖလားတွေကိုပါ မျှော်လင့်နိုင်ပြီလို့ သူတို့ပရိသတ်တွေက ထင်မြင်လာတဲ့အချိန်မှာမှ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂-၂ နဲံ့ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ မန်စီးတီးကို အမီလိုက်ဖို့ အားထုတ်နေမှုတွေက အရာမထင်ဖြစ်ခဲ့ရပါတယ်။
ကက်စ်မဲရိုးမပါဝင်နိုင်တဲ့ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်လို နည်းပြအထုတ်ခံထားရတဲ့ အသင်းကို အိမ်ကွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအထိ အရင်ပေးခဲ့ရပါတယ်။ ပွဲအစ ၁ မိနစ်ကတည်းက လိဒ်ယူနိုက်တက်က ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းအစမှာ နောက်တဂိုးထပ်သွင်းကာ ယူနိုက်တက်ကို ကောင်းကောင်းကြီး နှိပ်ကွပ်ခဲ့ပါတယ်။ ဒိနောက်မှာ တန်ဟင်္ကဂျ်တယောက် သူ့အသင်းကို အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ဆန်ချိုနဲ့ ပယ်လီစထရီတို့ကို လူစားလဲခဲ့တာ မှန်ကန်ခဲ့လို့ ကံကောင်းသွားခဲ့ပါတယ်။
ပယ်လီစထရီက အသင်းအတွက် ပထမချေပဂိုးကို ရက်ရှ်ဖို့ဒ်သွင်းယူနိုင်အောင်ဖန်တိးပေးခဲ့ပြိး ဆန်ချိုက နောက်ထပ်ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ၂-၂ ဖြစ်ချိန်မှာ ယူနိုက်တက်တို့ အနိုင်ဂိုးရဖို့ ဆက်တိုက်ဖိအားပေးကစားခဲ့ပေမယ့် ဖရက်ဒ်ရဲ့ ညံ့ဖျင်းမှု၊ ဖာနန်ဒက်စ်ရဲ့ အခွင့်အရေးလက်လွှတ်ခဲ့ရမှုတွေကြောင့် အိမ်ကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပြီး အဖိုးတန်ရမှတ် ၂ မှတ်ကို ဆုံးရှုံးခဲ့ရပါတယ်။
လက်ရှိမှာ ယူနိုက်တက်က် ၂၂ပွဲကစားအပြီး ၄၃ မှတ်နဲ့ အဆင့် ၃ နေရာမှာရှိနေကာ အာဆင်နယ်ထက် ၂ပွဲပိုကစားထားပြီး ၇ မှတ်ပြတ်တောက်နေပါတယ်။ မန်စီးတီးကတော့ ၂၁ပွဲသာကစားထားရသေးပြီး ၄၅ မှတ်ရရှိထားကာ ယူနိုက်တက်တို့ အဆင့် ၂ နေရာကို ရယူနိုင်ဖို့အတွက်တောင် မနည်းအားထုတ်ရဦးမှာဖြစ်ပါတယ်။ အဲရစ်ဆန်နဲ့ ကက်စ်မဲရိုးမပါဝင်တဲ့ ယူနိုက်တက်ကွင်းလယ်က သိသိသာသာအားနည်းနေခဲ့ပြီး လိဒ်လိုအသင်းကိုတောင် တော်တော်ကြီး ကန်ယူခဲ့ရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။