လမ်းပတ်ကတော့ အဲဗာတန်ကစားသမားတွေကို စည်းကမ်းတင်းကျပ်ထားတာဖြစ်ပါတယ်။

အဲဗာတန်နည်းပြသစ် လမ်းပတ်ဟာ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အထူးကြပ်မတ်ကိုင်တွယ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ပြီးဆုံးခါနီးကာလမှာ အဲဗာတန်နည်းပြအဖြစ် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး (၂၀၂၄) ဇွန်အထိ အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။



လမ်းပတ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေအဖြစ် ချဲလ်ဆီးအသင်းဖော်ဟောင်း အက်ရှ်လေကိုးလ်၊ အဲဗာတန် လူရင်းကြီးတယောက်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်တို့ကို ထားရှိသွားမှာဖြစ်ပြီး အသင်းသားတွေကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရေးအတွက် နည်းလမ်းတကျ ကြပ်မတ်နေပါတယ်။

အဲဗာတန်အသင်းသားတွေဟာ အသင်းအစည်းအဝေး ဒါမှမဟုတ် လေ့ကျင့်ခန်းအစီအစဥ်ကို နောက်ကျခြင်းအတွက် ပေါင်တထောင်၊ ဝတ်စားဆင်ယင်မှု စည်းကမ်း ဖောက်ဖျက်ခြင်းအတွက် ပေါင်တထောင်၊ အစည်းအဝေးမှာ ဖုန်းအသုံးပြုခြင်းအတွက် ပေါင်နှစ်ထောင်၊ အဝေးကွင်းပွဲစဥ်အပြီးမှာ အသင်းနဲ့အတူမပြန်ဘဲ သီးသန့်ပြန်ရင် ပေါင်ငါးထောင် စသည်ဖြင့် အသီးသီး သတ်မှတ်ထားပါတယ်။

အတွင်းလူတယောက်ကတော့ “ဒါက သမိုင်းတလျှောက် အလျော်အစားကြီးတဲ့ စည်းကမ်းတွေဆိုတာကို ကစားသမားတွေကသိသလို ဒါကို လိုက်နာရမယ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမယ့် အဝေးကွင်းပွဲအပြီးမှာ အဖွဲ့လိုက်ပဲ ပြန်ရမယ်ဆိုတာက နည်းနည်းတော့ စိတ်ညစ်စရာပါ။ ဘာလို့လဲဆိုတော့ ကစားသမားအချို့က သီးသန့်ပြန်လိုပါတယ်”

“အထူးသဖြင့် အသင်းရှုံးနိမ့်ချိန်မှာပေါ့။ ဒါပေမယ့် လမ်းပတ်ကတော့ ဒဏ်ငွေနဲ့ ကြပ်မတ်ပြီး အသင်းကို စည်းစည်းလုံးလုံး ရှိစေချင်ပါတယ်။ ဒါတွေက အသင်းကို အဆင့် (၁၆) ကနေ ဆွဲတင်နိုင်မယ်လို့လည်း လမ်းပတ်က ယုံကြည်ပြီးသားပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒီကနေတဆင့် ကောက်ခံရရှိတဲ့ ဒဏ်ငွေတွေကိုတော့ ပရဟိတလုပ်ငန်းတွေနဲ့ အသင်းလိုက် ညဘက်ထွက်လည်ပတ်တဲ့အခါမှာ အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။ လမ်းပတ်ဟာ အဲဗာတန်နည်းပြပွဲဦးထွက်အဖြစ် ဒီညမှာ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလား အိမ်ကွင်းပွဲကို ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က