အင်တာမိုင်ယာမီ အသင်းကစားသမား ယက်ဒ်လင်းက မက်ဆီဟာ အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးနိုင်ပွဲအတွက် အသင်းဖော်တွေကို Headphone တစ်ယောက်တစ်လုံးစီ ဝယ်ပေးပြီး လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ လက်ရှိမှာ အင်တာမိုင်ယာမီအတွက် နှစ်ပွဲ ပါဝင်ကစားပေးခဲ့ပြီးပါပြီ။
ဒီနှစ်ပွဲလုံးမှာ မက်ဆီက ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းသစ်မှာ လျင်လျင်မြန်မြန်နဲ့ အသားကျအံဝင်နေပြီလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် ခရုဇ်အေဇူလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။
အဲ့ဒီပွဲမှာ အင်တာမိုင်ယာမီတို့ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီက အသင်းအတွက် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးခဲ့တာပါ။ အဆိုပါပွဲအပြီးမှာတော့ မက်ဆီက အသင်းဖော်အသစ်တွေကို Headphone တစ်လုံးစီဝယ်ပေးခဲ့ပြီး ဒီ Headphone တွေက အင်တာမိုင်ယာမီအရောင်ဖြစ်တဲ့ ပန်းရောင်တွေဖြစ်ပါတယ်။
မက်ဆီနဲ့ ယက်ဒ်လင်းတို့ Earphone ဆင်တူ ဝတ်ဆင်လာတဲ့အပေါ် ယက်ဒ်လင်းက “ခင်ဗျားတို့ မက်ဆီကို သွားမေးရမှာပါ။ သူက တစ်သင်းလုံးအတွက် ဒါကို ဝယ်ပေးခဲ့တာပါ။ သူ ဝယ်လာတာလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူက ပထမဆုံးပွဲမှာ အသင်းမှာရှိတဲ့လူတိုင်းကို Headphone တစ်လုံးစီ လက်ဆောင်ပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မက်ဆီဟာ အတ္တလန်တာယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးကာ ခြေစွမ်းပြခဲ့ပြီး နယ်မြေသစ်မှာ လွယ်လွယ်ကူကူနဲ့ အသားကျနေခဲ့တာဖြစ်ပါတယ်။