နာမည်ကျော်နှစ်ဦးရဲ့ ကံကြမ္မာလားရာတွေက တူညီနေတာပါ။


ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီရာသီမှာ တပြိုင်နက်တည်း အသင်းကိုယ်စီပြောင်းရွှေ့ခဲ့ကြပါတယ်။ ရော်နယ်ဒိုက အသင်းဟောင်းယူနိုက်တက်ကို ရောက်ရှိလာခဲ့သလို မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးလောကအတွင်းမှာ ထူးခြားချက်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ 



သူတို့နှစ်ဦးရဲ့ အပြောင်းအရွှေ့ဟာ ရှေ့ဆင့်နောက်ဆင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ကမ္ဘာကြီးကိုပါ ကိုင်လှုပ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် ပြိုင်တူရှိနေခဲ့ကြပြီး စပိန်လာလီဂါမှာ ပြိုင်ဆိုင်မှုကြီးမားခဲ့တဲ့ ကစားသမားနှစ်ဦးဟာ လက်ရှိအချိန်မှာတော့ အသင်းသစ်တွေမှာ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်တွေအပြီးမှာ မလိုချင်တဲ့ စံချိန်ဆိုးတွေကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။


လီဗာပူးလ်ကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲံ ယူနိုက်တက်ရဲ့ ရှုံးပွဲဟာ ရော်နယ်ဒိုအတွက် ကစားသမားဘဝမှာ အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲဖြစ်လာခဲ့ပါတယ်။ ဒီမတို်င်ခင်မှာ ရော်နယ်ဒိုက အခုလောက် ရုပ်ပျက်ဆင်းပျက်နဲ့ အရေးနိမ့်မှုမျိုးကို ရင်ဆိုင်ရဖူးခြင်းမရှိခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာတော့ ရော်နယ်ဒိုဟာ ဂိုးကန်သွင်းခွင့်လည်း တစ်ကြိမ်တည်းသာရရှိခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့သလို ကာတစ်ဂျုံးစ်ကို ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကလည်း ဘယ်လောက်ထိ သူ စိတ်တိုနေခဲ့လဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။ 

မက်ဆီကလည်း လီဂူးပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်နေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်မှာ ၃ ဂိုးသွင်းယူပေးထားခဲ့ပေမယ့် အမှတ်ပေးပွဲမှာတော့ မက်ဆီက ၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတာဖြစ်ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး လိဂ်စတင်မှုနဲ့ မက်ဆီရင်ဆိုင်လိုက်ရတာဖြစ်ပြီး သူ့ဘဝမှာ အရှည်ကြာဆုံး လိဂ်ဂိုးပေါက်ပျောက်ဆုံးမှုလည်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ 


အောင်မြင်မှုတွေကို သူမတူအောင်ရယူနိုင်ခဲ့သူနှစ်ဦးဟာ ကစားသမားဘဝနောက်ပိုင်းကာလတွေမှာ ကံကြမ္မာရင်ဆိုင်ရပုံချင်းတူညီနေခဲ့တာဖြစ်ပြီး ဘယ်လိုတွေရုန်းထွက်ကြမလဲဆိုတာက စိတ်ဝင်စားဖွယ်ရာကောင်းနေတာ အမှန်ပါပဲ။

Share

Loading Next Article...
က္က