အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့က မာဆေးလ်အသင်းကို ပီအက်စ်ဂျီအသင်းက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အသင်းသမိုင်းမှာ အကောင်းဆုံးဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ဖို့ နီးစပ်ခဲ့ပါတယ်။
မာဆေးလ်အသင်းဟာ ပြင်သစ်ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အလက်ဆစ် ဆန်းချက်ဇ်ရဲ့ ပင်နယ်တီကနေတဆင့် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းမပြီးဆုံးခင်မှာပဲ ချေပဂိုး ပြန်လည်ရရှိဖို့အတွက် တိုက်ပွဲဝင်ခဲ့ပြီး နေမာရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ဆာဂျီယို ရာမို့စ်က ခေါင်းတိုက်ပြီး ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းကွင်းလယ်ကစားသမား ရူစလန် မာလင်နော့ဗ်စကီးက ဒုတိယပိုင်းအစောပိုင်းမှာ မာဆေးလ်အသင်းကို ပြန်လည်ဦးဆောင်နိုင်စေမယ့် ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းက ပွဲပြီးတဲ့အထိ မတုံ့ပြန်နိုင်ခဲ့တာကြောင့် ပြင်သစ်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ၊ နေမာနဲ့ ဖေဘီယန် ရူးဝီးဇ်တို့လို ကစားသမားတွေဟာ ပီအက်စ်ဂျီအသင်းက ချေပဂိုး သွင်းယူဖို့အတွက် ကြိုးပမ်းနေချိန်မှာ အေးအေးဆေးဆေးဖြစ်နေခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ အလွန်ကောင်းမွန်တဲ့ ကန်တင်ပေးပို့မှုနဲ့ ဆာဂျီယို ရာမို့စ်ဆီ ပေးပို့ခဲ့ပြီးနောက် မာဆေးလ်အသင်းဘက်ကို နောက်ကျ ချေပဂိုး သွင်းယူနိုင်မယ့် အခွင့်အရေး ဖန်တီးပေးနိုင်ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ကွင်းလယ်စည်းနားကနေ ဘောလုံးကို ရယူခဲ့ပြီးနောက် ပင်နယ်တီဧရိယာအစွန်မှာ ရှိနေခဲ့တဲ့ ဆာဂျီယို ရာမို့စ်ဆီကို ရင်သပ်ရှုမောဖွယ် ကန်တင်ပေးပို့မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့ ပေးပို့မှုဟာ မာဆေးလ်ခံစစ်ကို ကျော်ပြီး စပိန်နောက်ခံလူဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆာဂျီယို ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်က ကံမကောင်းစွာနဲ့ပဲ မာဆေးလ် ဂိုးသမား ပါအူ လိုပက်ဇ်ဆီ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။