ချဲလ်ဆီးနည်းပြ ပိုချက်တီနိုဟာ နယူးကာဆယ်ကို ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ စိန့်ဂျိမ်းပါ့ခ်မှာ ချဲလ်ဆီးတို့ နယူးကာဆယ်ကို ခြေပြတ်၊ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးဟာ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် စတာလင်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုးရခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီစီဂျိမ်းစ်ရဲ့ အနီကတ်၊ သီယာဂိုဆေးလ်ဗားရဲ့ အမှားတွေကတစ်ဆင့် အခုလိုမျိုးပဲ ဂိုးပြတ်ရှုံးပွဲတစ်ပွဲကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ပိုချက်တီနိုက “ကျွန်တော် အရမ်းအရမ်းကိုမှ စိတ်ဆိုးပါတယ်။ ကျွန်တော်တို့ ဒီလိုပုံစံမျိုး ကစားလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို ပြသရပါမယ်။ နယူးကာဆယ်က ကြီးကျယ်ခမ်းနားတဲ့ ကစားပုံကို မပြပေမယ့် လွယ်ကူတဲ့ နိုင်ပွဲကို ရသွားပါတယ်။ ဂိုးတွေ လွယ်လွယ်ပေးခဲ့ရပြီး ကစားပုံက ပျော့ညံ့လွန်းပါတယ်”
“ဒါက ကျွန်တော် ကွင်းဘေးစည်းမှာ ရှိ၊ မရှိဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ ရင့်ကျက်မှုပါပဲ။ အသင်းကြီးတစ်သင်းက အပတ်တိုင်း၊ သုံးရက်တစ်ခါတိုင်း စွမ်းဆောင်ရည်ကောင်းကို ပြသနေရပါမယ်။ ဒါက စိတ်ပျက်စရာပါပဲ။ တော်တော်လေးလည်း ခက်ခဲပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ အဆိုးဆုံးပုံစံပါပဲ”
“ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမှာဖြစ်ပြီး တစ်ဂိုးစီသရေဖြစ်သွားချိန်မှာတောင် ပြန်လာနိုင်ဖို့ မှန်ကန်တဲ့ ခွန်အားမျိုးမရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ ဒီရှုံးပွဲကြောင့် ကစားသမားတွေကို အားလပ်ရက်နှစ်ရက်ပေးဖို့ စီစဉ်ထားတဲ့ကိစ္စကို ဖျက်သိမ်းခဲ့ပြီး ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းခိုင်းသွားမယ်လို့ သိရှိရပါတယ်။