ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာဟာ ယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် ယူနိုက်တက်ပရိသတ်တွေက ဒီသတင်းအပေါ်မှာ ပျော်ရွှင်နေကြောင်း သိရှိရပါတယ်။ တဲလက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာကို အငှားနဲ့ သွားရောက်ကစားခဲ့တာပါ။
လက်ရှိနွေမှာတော့ သူ့ကို ရောင်းချဖို့ ယူနိုက်တက်ဘက်က အရောင်းစာရင်း တင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဲလက်စ်ကို ခေါ်ယူလိုတဲ့အသင်းက ရှားပါးနေပြီး အခုချိန်မှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာဘက်က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
အသက် (၃၀) အရွယ် အဆိုပါ ဘရာဇီးနောက်ခံလူကိုယ်တိုင်ကလည်း ယူနိုက်တက်ကနေ အပြီးသတ် ထွက်ခွာလိုနေပြီး ဒေးလီးမေးလ်သတင်းဌာနကလည်း အယ်လ်နာဆာတို့ တဲလက်စ်ကို စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီသတင်းထွက်ပေါ်လာတဲ့နောက်မှာတော့ အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ အခက်တွေ့နေတဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတာပါ။
ယူနိုက်တက်ပရိသတ်တွေက “နောက်ဆုံးမှာတော့ ဆော်ဒီတွေဘက်က ငါတို့ရဲ့ အသုံးမဝင်တဲ့ ကစားသမားတွေထဲက အချို့ကို စိတ်ဝင်စားလာပြီ” “ကောင်းမွန်တဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ တဲလက်စ်ကို ရောင်းထုတ်လိုက်ပါ” “နားဝင်ကိုချိုနေတာပဲကွာ” “နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ တွမ်မီနေး၊ ဖရက်ဒ်၊ မက်ဂွိုင်းရားတို့ကိုလည်း ရောင်းထုတ်ဖို့ စီစဥ်ထားပြီး ဒီကစားသမားတွေထဲမှာ ဖရက်ဒ်တစ်ယောက်သာ အသင်းပြောင်းဖို့ သတင်းထွက်ပေါ်နေတာပါ။ ကျန်တဲ့ ကစားသမားတွေကိုတော့ ယူနိုက်တက်တို့ ရောင်းထုတ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး ကျန်ကစားသမားအချို့ကိုလည်း ရောင်းထုတ်သွားဖို့ ယူနိုက်တက်တို့ ပြင်ဆင်ထားပါတယ်။