ဘာစတိုနီကို ခြိမ်းခြောက်နေကြတာပါ။

ဘာစီလိုနာပရိသတ်တွေဟာ အင်တာမီလန်ကစားသမား ဘာစတိုနီကို အသက်အန္တရာယ်ခြိမ်းခြောက်တဲ့စာတွေ ရေးသားပေးပို့ခဲ့ကြတယ်လို့ ကစားသမားကိုယ်တိုင်က ဖွင့်ချခဲ့ပါတယ်။ အင်တာမီလန်က ဘာစီလိုနာကို တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရဲ့ အကျိုးဆက်အဖြစ် နောက်ဆက်တွဲရိုက်ခတ်မှုတွေရှိနေဆဲဖြစ်ပါတယ်။



ဒီပွဲဟာ ဘာစီလိုနာအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ဒုတိယမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး အုပ်စု (၃) ပွဲ ကစားပြီးချိန်မှာ အသင်းကလည်း အဆင့် (၃) နေရာကို ရောက်ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာတို့ ပြီးခဲ့တဲ့ရာသီကလိုမျိုး ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆင်းကစားရတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အင်တာမီလန်နဲ့ရှုံးပွဲကလည်း ဘာစီလိုနာပရိသတ်တွေအတွက် လက်ခံရခက်ခဲ့ပါတယ်။

တပွဲလုံး အသာစီးကစားခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ပေးလိုက်ရတဲ့ ချာဟာနိုဂလူးရဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးကြောင့် ဘာစီလိုနာတို့ အရေးနိမ့်ခဲ့တာပါ။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း ပီဒရီရဲ့သွင်းဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့ပြီး ပွဲပြီးခါနီးမှာလည်း ဒမ်းဖရိုင်းစ်ရဲ့ လက်ထိဘောကို ပင်နယ်တီမပေးခဲ့တာကြောင့် ဘာစီလိုနာတို့ ဒီဖြစ်ရပ်အတွက် တရားဝင် စောဒကတက်သွားမယ်လို့ နည်းပြဇာဗီက အတည်ပြုပြောကြားထားပါတယ်။


ဘာစတိုနီကလည်း ပွဲအပြီးမှာ ပီဒရီနဲ့ ဘောလုံးယှဥ်လုရင်း ပြိုင်ဘက်ကိုဆွဲချထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ “အောင်ပွဲရဲ့နှလုံးသားနဲ့ ဝိသေသလက္ခဏာ” လို့လည်း ဘာစတိုနီက ရေးသားခဲ့ပြီး ဒီပို့စ်ကြောင့်လည်း ဘာစီလိုနာပရိသတ်တွေရဲ့ ဒေါသက အထွပ်အထိပ် ရောက်ရှိခဲ့တာဖြစ်နိုင်ပါတယ်။ ဘာစီလိုနာပရိသတ်တွေဟာ ဘာစတိုနီထံ “မင်းခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပြီး တသက်လုံး ဘောလုံးကစားလို့မရအောင် လုပ်ပစ်မယ်”

“မင်းကို သေနတ်နဲ့ချိန်ပြီးပစ်မယ်” အစရှိတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာ အများအပြားကို ပေးပို့ခဲ့ကြပါတယ်။ ဘာစတိုနီရဲ့ချစ်သူ ကာမီလာ ဘရက်စ်စီယာနီကလည်း ဒီစာတွေကို Screenshot ရိုက်တင်ကာ “ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းလိုက်တဲ့လူတွေလဲကွာ” လို့ ပြန်လည်တုံ့ပြန်ထားခဲ့ပါတယ်။ အင်တာမီလန်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်တသင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး ဘာစီလိုနာ၊ ဗစ်တိုးရီးယားပါလ်ဇန်တို့ကို အနိုင်ယူကာ အုပ်စုအဆင့် (၂) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က