မန်ချက်စတာယူနိုက်တက်အသင်းကြီးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ဂျေဒန်ဆန်ချိုနဲ့ ပတ်သက်ပြီး နောက်ထပ် ဒေါသထွက်စရာ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ ဆန်ချိုဟာ ဂိမ်းကို ညလုံးပေါက်ကစားခဲ့ပြီး အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျနေခဲ့တာပဲဖြစ်ပါတယ်။
ဆန်ချိုက လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ အားထုတ်မှု၊ ပုံစံကောင်းကို မပြသနိုင်တာကြောင့် ပွဲကစားခွင့်မပေးတာလို့ နည်းပြတန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေက မှားယွင်းတယ်လို့ ဆန်ချိုက တုံ့ပြန်ခဲ့ပြီးနောက် သူတို့နှစ်ဦးကြား ဆက်ဆံရေးက ဆိုးရွားနေခဲ့ကာ နောက်ဆုံးမှာ သူ့ကို အသင်းကြီးနဲ့တောင် လေ့ကျင့်ခွင့်မပေးတော့တာဖြစ်ပါတယ်။
ဆန်ချိုအနေနဲ့ နည်းပြဖြစ်သူကို တောင်းပန်ပြောဆိုမယ်ဆိုရင်တော့ ဒီပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးမယ်လို့ အသင်းဘက်က ပြောဆိုထားခဲ့သလို အသင်းဖော်တွေကလည်း တိုက်တွန်းခဲ့ပေမယ့် ဆန်ချိုကတော့ ငြင်းဆန်ထားဆဲဖြစ်ပါတယ်။
အခု ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆန်ချိုဟာ အသင်းမှာ အဆင်မပြေဖြစ်နေချိန်အတွင်းမှာပဲ EA Sports FC 24 ကို ညလုံးပေါက်ကစားနေခဲ့တာပါ။ ဒါကို gamer တဦးက ဆန်ချိုနဲ့ သူရင်ဆိုင်ခဲ့ရပြီး အနိုင်ရခဲ့တဲ့ SS နဲ့အတူ X မှာ ဖော်ပြခဲ့တာဖြစ်ပြီး "အိပ်ပါဦးလား ဆန်ချိုရယ်" လို့ Caption ရေးသားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ယူနိုက်တက်တို့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲကစားခဲ့တဲ့ နေ့မှာ ဆန်ချိုက အခုလိုမျိုး လုပ်ခဲ့တာပါ။
ဒါကို မြင်တွေ့ခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေဟာ ဒေါသထွက်နေခဲ့ကြပြီး လေ့ကျင့်ရေးကွင်းကို ဆန်ချိုနောက်ကျနေတာက မဆန်းတော့ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဒီလောက်ထိ ပြသနာတွေဖြစ်နေတဲ့ကာလမှာတောင် မဆင်ခြင်ဘဲ အခုလိုမျိုး လုပ်ခဲ့တဲ့အတွက်လည်း စိတ်ပျက်စရာကောင်းနေတာ အမှန်ပါပဲ။