ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဆီဗီလာနောက်ခံလူ ကွန်ဒေးကို တရားဝင်မှတ်ပုံတင်နိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားတယောက်ကို တတိယတန်းအထိ ဆင်းကစားစေခဲ့ကြောင်း သိရှိရပါတယ်။ ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ ရာဖင်ညာ၊ လီဝန်ဒေါစကီး၊ ခရစ္စတန်ဆန်၊ ကက်ဆီနဲ့ ကွန်ဒေးတို့ကို ခေါ်ယူထားတာပါ။
ကျန်တဲ့ ကစားသမားသစ်လေးယောက်နဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဒမ်ဘီလီ၊ ဆာဂျီရော်ဘတ်တိုတို့ကို ဘာစီလိုနာတို့ အချိန်မှီ မှတ်ပုံတင်နိုင်ခဲ့ပေမယ့် ကွန်ဒေးကတော့ မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲမှသာ ဘာစီလိုနာကစားသမားအဖြစ် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီအတွက် သူတို့ရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ ပါဘလိုတော်ရီကို အသင်းကြီး လူစာရင်းကနေ ဖယ်ရှားပြီး ဘာစီလိုနာအက်သလက်တီအသင်းမှဦ မှတ်ပုံပြောင်းတင်လိုက်ပါတယ်။
အဆိုပါ အသင်းဟာ ဘာစီလိုနာဘီအသင်းအဖြစ်လည်း လူသိများပြီး ဘာစီလိုနာရဲ့ လုပ်ရပ်က လုပ်ရိုးလုပ်စဥ်လို့တော့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအသင်းက တတိယတန်းအသင်းမှာ ကစားနေတဲ့အသင်းဖြစ်ပြီး ကြာသပတေးနေ့ အပြောင်းအရွှေ့ပိတ်မယ့်ရက်မတိုင်ခင်အထိ တော်ရီကို ပြန်မခေါ်နိုင်ခဲ့ရင် အဆိုပါကစားသမားလေးက တတိယတန်းမှာသာ ကစားရတော့မှာပါ။
အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးကို ပြီးခဲ့တဲ့ဇွန်ကမှ ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကြီးနဲ့ ဘာစီလိုနာဘီအသင်းတို့မှာ လိုအပ်သလို အသုံးပြုဖို့ စီစဥ်ခဲ့တာပါ။ ဒါပေမယ့် ကွန်ဒေးကို လက်လွှတ်ခံရတော့မလိုဖြစ်လာတဲ့ အနေအထားကြောင့် ဘာစီလိုနာတို့ ရရာနည်းလမ်းကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
တော်ရီကတော့ အသင်းဟောင်း ရေးဆင်းကို ပြန်ဖို့ ဆွေးနွေးမှုတွေရှိနေပေမယ့် သူ့ရဲ့တိုးတက်မှုအတွက် ရာဖေးလ်မားကွက်ဇ်ကိုင်တွယ်နေတဲ့ ဘာစီလိုနာဘီအသင်းမှာသာ ဆက်လက်ကစားသွားဖွယ်ရှိပါတယ်။ ဘာစီလိုနာဟာ ကွန်ဒေးကို အပြောင်းအရွှေ့ပိတ်တဲ့ရက်အထိ မှတ်ပုံမတင်နိုင်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်လက်လွှတ်ရမှာကြောင့် အခုလိုပဲ အရေးပေါ်နည်းလမ်းကို အသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။