ဆိုင်လေးရဲ့သက်တမ်းက (၁၅) နှစ်ဝန်းကျင်ရှိပါပြီ။

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနားက ပညာလမ်းထိပ်အသုပ်ဆိုင်ကတော့ စားသုံးသူတွေ တိုးမပေါက်အောင် အမြဲစည်ကားနေတဲ့အသုပ်ဆိုင်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ နာမည်ကျော် Street Food ဆိုင်လေးတစ်ခုဖြစ်ပါတယ်။



၁၅ နှစ်သက်တမ်းရှိတဲ့ ပညာလမ်းထိပ်အသုပ်ဆိုင်

ဒီဆိုင်လေးရဲ့ သက်တမ်းက အခုဆို (၁၅) နှစ်ဝန်းကျင်ရှိလာပါပြီ။ မိသားစု တစ်ပိုင်တစ်နိုင်ဈေးလေးရောင်းဖို့ စိတ်ကူးရာကနေ ဒီအသုပ်ဆိုင်လေးဖြစ်လာခဲ့ပြီး လမ်းဘေးမှာ ရောင်းဖို့စတင်ခဲ့တာပါ။

“ ဘယ်လိုစဖွင့်ဖြစ်တာလဲဆိုတော့ အစ်မတို့က အစုံရောင်းဖူးတယ်။ တမျိုးပြီးတမျိုး စမ်းရောင်းကြည့်ရင်းနဲ့ နောက်ဆုံးဒါနဲ့ အဆင်ပြေသွားတော့ ဒါကို ဆက်ရောင်းဖြစ်တာပါ။ စစရောင်းတုန်းက တုတ်ထိုးနဲ့ ကြာဇံလေးစရောင်းတာပေါ့။ ခုံလေးတစ်လုံး၊နှစ်လုံးချပြီး လမ်းဘေးမှာ ရောင်းခဲ့တာပါ” လို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မလင်းက ဆိုပါတယ်။

လမ်းဘေးဆိုင်ကနေ ဆယ်နှစ်အကြာမှာ ဆိုင်ခန်းလေးနဲ့ဖြစ်လာ

ဒီဆိုင်လေးကို တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနားမှာပဲ စတင်ရောင်းခဲ့တာဖြစ်ပြီး လမ်းဘေးဆိုင်ကနေ ဆိုင်ခန်းလေးနဲ့ ဖြစ်လာတာကတော့ (၅) နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ စေတနာလည်းပါတဲ့အပြင် ကိုယ်တိုင်လည်းကြိုက်နှစ်သက်မှ ရောင်းချတာဖြစ်တဲ့အတွက် ဒီဆိုင်လေးဟာ အမြဲတမ်းတိုးမပေါက်အောင်စည်ကားနေပါတယ်။

“ ကိုယ်စားလို့ကောင်းမှ သူများကို ရောင်းတာပါ။အမြည်းဆရာကတော့ ကိုယ်တိုင်ပဲ ဆိုင်ပိတ်ရက်ဆို မီနူးအသစ်တွေ မြည်းစမ်းပြီး လုပ်ကြတာပါ။ ဒါတွေအကုန်လုံးက ကိုယ်တိုင် အိမ်ချက်လက်ရာပါပဲ” လို့ မလင်းက ဆိုပါတယ်။

မိသားစု၊ဆွေမျိုးတွေအားလုံးရဲ့ အားထားရာဆိုင်လေး

ဒီအသုပ်ဆိုင်လေးက ရတဲ့ ဝင်ငွေနဲ့ မိသားစုလုံလုံလောက်လောက်စားနိုင်သောက်နိုင်တဲ့အပြင် ဆွေမျိုးတွေကိုလည်းထောက်ပံ့နိုင်ပြီး ဒီဆိုင်လေးက ရတဲ့ဝင်ငွေနဲ့ အိမ်နှစ်လုံး၊ ကားနှစ်စီးဝယ်နိုင်တဲ့အခြေအနေထိ ဖြစ်လာတယ်လို့ဆိုပါတယ်။

“ စစရောင်းချင်းတုန်းကတော့ စားသလောက်ပဲ ရတာပေါ့နော်။ အခုကတော့ လုံလောက်တဲ့အပြင် ပိုလျှံတယ်။ အသုပ်လေးတွေ ရောင်းပြီးတော့မှ အိမ်နှစ်လုံး၊ ကားနှစ်စီးဝယ်ထားတယ်။ အခုဆိုင်မှာ ဝန်ထမ်းအယောက် (၂၀) ရှိတယ်။ နဂိုတည်းက အဆင်ပြေတဲ့မိသားစုကမဟုတ်တော့ လုပ်ငန်းတစ်ခုဖြစ်ပြီး မပျောက်ပျယ်သွားအောင် အမြဲတမ်းကြိုးစားတယ် ’’ ဆိုပါတယ်။

အသုပ်အမျိုးအစားပေါင်း (၅၀)ကျော်နဲ့ တုတ်ထိုး (၂၃) မျိုးရတဲ့ဆိုင်လေး

ဒီဆိုင်လေးမှာ အသုပ်အမျိုးအစားပေါင်း (၅၀) ကျော်လောက် ရပါတယ်။ကြာဇံသုပ်၊ ခေါက်ဆွဲသုပ် ၊အစုံသုပ် ပဲပြားသုပ် ၊ ကော်ပြန့်သုပ် ၊ ပုဇွန်ကြော်သုပ်၊ ငါးဖယ်သုပ်၊ တို့ဟူးသုပ်၊ ကြက်သားလိပ်သုပ် ၊ ငါးသားလိပ်သုပ်စတဲ့ အသုပ်မျိုးစုံတွေ အပြင် တုတ်ထိုးကလည်း (၁၀၀)ကျပ်တန် (၁၅)မျိုးနဲ့ (၆၀၀)ကျပ်တန် (၈) မျိုးရှိပါတယ်။ ဒါ့အပြင် ကော်ပြန့်စိမ်းနဲ့ ရှမ်းခေါက်ဆွဲတို့လည်း ရပါတယ်။

“ ကြာဇံက နှစ်အိတ်လောက်ကုန်တယ်။ ခေါက်ဆွဲက အချိန်နှစ်ဆယ် ကုန်တယ်။ တုတ်ထိုးက ချသမျှ အကုန်ကုန်တယ်။ တုတ်ထိုးက တစ်နေ့ကို အချောင်းအရေအတွက် ထောင်ကျော်လောက်ကုန်တယ်။ ဈေးနှုန်းတွေကတော့ အသုပ်တစ်ပွဲကို (၉၀၀) ကျပ်ကနေ အများဆုံး (၁၅၀၀၊၂၀၀၀) ကျပ်အထိပါ ” လို့ ဆိုပါတယ်။


ဘယ်အချိန်ပဲဖြစ်ဖြစ်တိုးမပေါက်အောင်စည်ကား

ဆိုင်စဖွင့်ချိန်ကတည်းက ပိတ်ချိန်အထိ စားသုံးသူတွေအမြဲပြည့်နှက်နေတဲ့ဆိုင်လေးပါ။ အထူးသဖြင့် နေ့လယ် (၂) နာရီလောက်ကနေ ညနေ (၄) နာရီအချိန်အတွင်းမှာဆို လာစားတဲ့သူတွေ၊ ပါဆယ်ဝယ်သွားသူတွေနဲ့ တိုးကြိတ်စည်ကားနေတဲ့ဆိုင်လေးဖြစ်ပါတယ်။

“ လူက အမြဲကြိတ်ကြိတ်တိုးနေတာ။ တစ်နေ့တစ်နေ့ အမယ်တွေ လျှော့လုပ်ရတာကို မရှိဘူး။ ပိုလုပ်ရတာပဲ ရှိတယ်။ အစ်မတို့က ဆိုင်ကိုရော အစားအသောက်ကိုရော သန့်ရှင်းမှုကို ဦးစားပေးတယ်။ နောက်ဖေးမီးဖိုချောင်က အစ သန့်သန့်ရှင်းရှင်းပဲ ထားတယ် ဝန်ထမ်းတွေကိုလည်း ဘယ်လိုသန့်သန့်ရှင်းရှင်းထားရမလဲ အကုန်သင်ပေးပါတယ်။ ဒါကြောင့်လည်း ပညာလမ်းထိပ် အသုပ်ဆိုင်ရယ်လို့ နာမည်ကြီးလာတာလို့ ပြောရမှာပါ” လို့ ဆိုပါတယ်။

ပညာလမ်းထိပ်အသုပ်ဆိုင်လေးကို သွားအားပေးချင်ရင်တော့

ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီး ၊သုမင်္ဂလာလမ်းမပေါ်၊ တကောင်းမှတ်တိုင်အနီး ဖုန်းနံပါတ် 09450010398 ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီလောက်မှ ည (၇) နာရီလောက်အထိ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က