ဒီကနေ့ ဧပြီလ(၂၄)ရက်နေ့ မနက် (၁၀)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19အတည်ပြုလူနာ (၁၃၉)ဦးရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးက (၁၁၀)ဦးထိပါဝင်နေပါတယ်။
ဒီကနေ့ ထပ်တိုးလူနာ (၇)ဦးလုံးကလည်း ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး (၇)ဦးစလုံးက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိထားတဲ့အတွက် ရန်ကုန်ကဟိုတယ်တစ်ခုမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရတဲ့သူတွေဖြစ်ပါတယ်။ ထပ်တိုးလူနာတွေကတော့ ပန်းဘဲတန်းမြို့နယ်က (၁)ဦး၊ တာမွေမြို့နယ်က (၁)ဦး၊ ကျောက်တံတားမြို့နယ်က (၂)ဦး၊ လှိုင်မြို့နယ်က (၂)ဦးနဲ့ ဒဂုံမြို့နယ်က (၁)ဦးတို့ဖြစ်ပါတယ်။
ရန်ကုန်မှာ ကူးစက်မှုအများဆုံးဖြစ်နေပေမယ့်လည်း စီးပွားရေးမြို့တော်ဖြစ်တာကြောင့် မြို့တော်တစ်ခုလုံးကို lock down မလုပ်ချင်သလို lock down လုပ်လိုက်ပါက တခြားနယ်တွေကိုပါ ထိခိုက်လာမှုတွေရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်းပြောထားပါတယ်။
လက်ရှိမှာတော့ တစ်နေ့ထက် တစ်နေ့ ရောဂါပိုးကူးစက်မှုတွေမြင့်တက်လျှက်ရှိနေတာကြောင့် COVID 19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဧပြီလ(၃၀)ရက်နေ့ထိ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကိုလည်း မေလ(၁၅)ရက်နေ့ ထပ်ထိုးထားပြီလည်းဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ကူးစက်မှုအမြင့်ဆုံးက ရန်ကုန်တိုင်းဒေသကြီးဖြစ်နေတဲ့အတွက် မြို့နယ်တချို့ကိုတော့ semi lock down ပြုလုပ်ထားတာတွေရှိပါတယ်။
အတည်ပြုလူနာ (၁၃၉)ဦးမှာ ရန်ကုန်က (၁၁၀)ဦး၊ စစ်ကိုင်းတိုင်းက (၆)ဦး၊ ပဲခူးက (၆)ဦး၊ ရှမ်းပြည်နယ်က (၆)ဦး၊ ချင်းပြည်နယ်က (၅)ဦး၊ မန္တလေးက (၃)ဦး၊ မွန်ပြည်နယ်က (၁)ဦး၊ မကွေးက (၁)ဦးနဲ့ နေပြည်တော်က (၁)ဦးတို့ဖြစ်ပါတယ်။