ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

COVID-19 Positive လူနာ နံပတ် ၅ နဲ့ ၈ မှာ ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

အတည်ပြုလူနာ နံပါတ် ၅ မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်က အသက် ၆၉ နှစ်အရွယ် နှာခေါင်းကင်ဆာရောဂါခံစားနေရတဲ့ လူနာဖြစ်ပြီး အတည်ပြုလူနာ နံပါတ် ၈ ကတော့ ဗဟန်းမြို့နယ်က အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိတော့ အဲဒီလူနာ (၂) ဦးကို ဝေဘာဂီဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ သီးခြားကုသပေးနေပြီး ကျန်တဲ့ Positve လူနာ (၆) ဦးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၉ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ COVID-19 Positive လူနာ (၈) ဦးရှိတဲ့အနက် လူနာ (၅) ဦးမှာ ရန်ကုန်တိုင်းက ဖြစ်ပြီး အဆိုပါ လူနာ ၅ ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့သူ အယောက် (၇၀) ကျော်ကို လည်း အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပြပါတယ်။

“ case no 5 နဲ့ case no 8 ကတော့ သိသလောက် ကျန်းမာရေးမကောင်းဘူး။ အခုရန်ကုန်တိုင်းထဲက လူနာ ၅ ဦးနဲ့ ထိတွေ့ခဲ့တဲ့မိသားစုဝင်တွေ၊ ဆရာဝန်တွေ၊ အသွားအလာရှိခဲ့တဲ့သူတွေအားလုံးကို Quarantine တွေ တင်းတင်းကြပ်ကြပ်လုပ်ထားပါတယ်။လူနာတွေ သွားလာခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ထိတွေ့ဆက်ဆံခဲ့သူတွေ ရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနကို ဆက်သွယ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

မတ်လ ၂၈ ရက် ညနေ ၆ နာရီကနေ မတ်လ ၂၉ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၅) ဦးထပ်တိုးပြီး ဓာတ်ခွဲစစ်ဆေးမှု အဖြေတွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က