Covid 19 ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် (၂၅)နေထိုင်ခဲ့တဲ့ ဗဟန်းမြို့နယ် သီရီမင်္ဂလာလမ်း (၄)ရပ်ကွက်ရှိနေအိမ်ကို ဒီကနေ့စပြီး Lock Down လုပ်ထားတယ်လို့ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှသိရပါတယ်။
လူနာရဲ့ မိသားစုဝင် (၉)ဦးကိုတော့ Lock Down လုပ်ထားတဲ့နေအိမ်အတွင်းမှာ အသွားအလာကန့်သတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်သွားမယ်လို့ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က Duwun ကိုပြောပါတယ်။
“ ဒီနေ့ပဲ လူနာရဲ့ နေအိမ်ကို Lock Down လုပ်ထားပြီ။ နေအိမ်က တိုက်ခန်းတွဲမဟုတ်ဘူး လုံးချင်းတိုက်ဆိုတော့ သူ့အိမ်တစ်ခုတည်းကိုပဲ Lock Down လုပ်ထားတာပါ။ မိသားစုကဝင် (၉)ဦးကိုလည်း အသွားအလာကန့်သတ်ထားတယ်” လို့ ဦးထွန်းချစ်ကပြောပါတယ်။
လူနာနံပါတ် (၂၅)ဟာ အသက် (၅၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး လွန်ခဲ့တဲ့ (၁၄)ရက်အတွင်းက ပြည်ပနိုင်ငံများကို ခရီးသွားရာဇဝင်မရှိခဲ့ပါဘူး။ ခရီးသွားရာဇဝင်မရှိခဲ့ပေမယ့် ဧပြီလ(၂)ရက်နေ့ကစပြီး ဖျားနာ၊ ချောင်းဆိုးခြင်းတွေခံစားခဲ့ရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြသခဲ့ရာကနေ စောင့်ကြည့်လူနာအဖြစ်ကုသခဲ့ပြီး ဧပြီလ (၁၀)ရက်နေ့ မနက်(၃)နာရီဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရောဂါပိုးရှိသူအဖြစ်သိရှိခဲ့ရတာပါ။
ဒီကနေ့မှာတော့ အဆိုပါလူနာကို ဝေဘာဂီဆေးရုံကြီးကို လွှဲပြောင်းကုသမှုပေးလျှက်ရှိတယ်လို့သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ Covid 19 ရောဂါပိုးတွေ့ရှိသူ (၂၇)ဦးထိရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးက (၁၇)ဦးပါဝင်နေကာ သေဆုံးသူ (၃)ဦးမှာလည်း ရန်ကုန်တိုင်းေဒသကြီးက (၂)ဦးဖြစ်ပါတယ်။