သေဆုံးတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

COVID-19 ရောဂါပိုးတွေ့ရှိထားသူ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်မှာ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး သေဆုံးတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၁၈ ရက် ညပိုင်းက COVID-19 လူနာ (၄) ဦးကို သတင်းထုတ်ပြန်ခဲ့ရာမှာ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက် (၁) နှစ် (၆) လအရွယ် ယောကျာ်းလေးတစ်ဦးလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ အဆိုပါ ကလေးငယ်သေဆုံးသွားပြီဆိုတဲ့သတင်းတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာ ဧပြီလ ၁၈ ရက်ညပိုင်းက ပျံ့နှံ့နေခဲ့ပြီးနောက် ဒီသတင်းကကောလာဟလသာ ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြန်လည်ရှင်းပြခဲ့ပါတယ်။

COVID-19 ရောဂါပိုး တွေ့ရှိ သေဆုံးသွားခဲ့တဲ့ အတည်ပြုလူနာ ၃၉ အသက် ၈၅ နှစ်အရွယ် အမျိုးသားကြီးရဲ့ ၂၆ လမ်းအောက်ဘလောက်ရှိ နေအိမ်ကို ဧပြီလ ၁၂ ရက်နေ့ညက အသွားအလာ ကန့်သတ်နေပုံ

“ ကလေးငယ်သေဆုံးတာက မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝေဘာဂီဆေးရုံအုပ်ကို ဆက်သွယ်မေးမြန်းကြည့်တော့ ကလေးက ကျန်းမာရေးလည်းကောင်းမွန်ပါတယ်။ ဒီသတင်းက သတင်းအမှားပါ” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

အဲဒီ ကလေးငယ်ဟာ ပန်းဘဲတန်းမြို့နယ်က အသက် (၈၅) နှစ်အရွယ် သေဆုံးသူ လူနာ နံပါတ် ၃၉ ရဲ့ မြစ်တော်စပ်သူဖြစ်ပါတယ်။

လက်ရှိမှာ သေဆုံးသူ လူနာနံပါတ် ၃၉ ကတစ်ဆင့် ကူးစက်ခံရသူ လူနာပေါင်း ၆ ဦးအထိ ရှိနေပြီလို့လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ကူးစက်ခံရသူ လူနာတွေကတော့ လူနာနံပါတ် ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၉၅ နဲ့ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မှာ ထပ်တွေ့ခဲ့တဲ့ ဒေါပုံမြို့နယ်က လူနာ နံပါတ် ၉၉ တို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က