ဗဟန်းမြို့နယ်က လူနာနံပါတ် (၂၈) မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သူ့ရဲ့ နောက်ထပ်မိသားစုဝင် (၃) ဦးကလည်း သူတို့ကို ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကိုပြောပါတယ်။
လူနာနံပါတ် (၂၈)ဟာ ဧည့်လမ်းညွှန်အမျိုးသမီးလူနာနံပတ်(၈)နဲ့အနီးကပ်ထိတွေ့မှုရှိခဲ့တဲ့မိသားစုဝင်(အစ်ကို)တော်စပ်သူဖြစ်ပြီး နေအိမ်မှာ အသွားအလာကန့်သတ်ထားရှိနေစဉ်အတွင်း ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။
ဒါကြောင့်နေအိမ်က နောက်ထပ် မိသားစုဝင် (၃) ဦးဖြစ်တဲ့ အသက် (၇၀) အရွယ် အမျိုးသမီး၊ အသက် (၅၈) နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတို့ကို ကျန်းမာရေးစစ်ဆေးပေးဖို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကို တင်ပြထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကိုပြောပါတယ်။
“ ဒီတစ်အိမ်တည်းမှာပဲ ၂ ဦးတွေ့တယ်ဆိုတော့ ကျန်တဲ့ ၃ ဦးကိုလည်း COVID-19 ရှိ၊မရှိ စစ်ဆေးပေးဖို့လိုအပ်တယ်။ ကာယံကံရှင်တွေလည်းတောင်းဆိုထားတယ်။ ကျွန်တော်တို့လည်း မြို့နယ်ကျန်းမာရေးဌာနကို တင်ပြထားတယ်” လို့ ဦးထွန်းမြင့်က ဆိုပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့ အတည်ပြုလူနာတွေ့နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ လုပ်တဲ့အပြင် ရောဂါပိုးရှိ၊မရှိစစ်ဆေးပေးဖို့ လိုအပ်တယ်လို့လည်း ဦးထွန်းမြင့်က ထောက်ပြပြောဆိုပါတယ်။
“ တစ်မိသားစုတည်း၊ အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေမှာ ကူးတယ်ဆိုတာကလည်း အရင် Case 15 ဖြစ်စဉ်မှာကတည်းက သူ့အမျိုးသားနဲ့ကလေးတွေကိုကူးတယ်ဆိုတာတွေ့နေရတာပဲ။ တိုက်ရိုက် contact person တွေကို မဖြစ်မနေဆေးစစ်ပေးဖို့လိုလိမ့်မယ်။ ဒီလိုမဟုတ်ဘဲနဲ့ Case တွေ့တဲ့အိမ်ကို Lock Down လုပ်၊ ၁၄ ရက်စောင့်ကြည့်ပြီး ရောဂါလက္ခဏာမပြရင် ပြန်လွှတ်တာမျိုးက ပတ်ဝန်းကျင်အတွက်ရော၊ ကာယကံရှင်တွေအတွက်လည်း အဆင်မပြေဘူး” လို့ ဦးထွန်းမြင့်က ဆိုပါတယ်။
လူနာ နံပါတ် (၈)မှာ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် ဗဟန်းမြို့နယ်၊ဆရာစံမြောက်အရှေ့ရပ်ကွက်က သူတို့နေအိမ်ကို မတ်လ (၂၈) ရက်ကစကာ Lock Down လုပ်ထားပြီးတဲ့နောက် အခု ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာ နံပါတ် (၂၈) ဟာ ဧပြီလ ၇ ရက်မှာ ဖျားနာ၊ချောင်းဆိုး၊လည်ချောင်းနာဝေဒနာတွေခံစားခဲ့ရလို့ စစ်ဆေးရာမှာတော့ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူနာနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေကို နေအိမ်တွေမှာသာ Lock Down လုပ်ပြီး ၁၄ရက်အတွင်း ရောဂါလက္ခဏာမပြခဲ့ရင် ရောဂါပိုးမရှိသူလို့သတ်မှတ်ပြီး ဆေးမစစ်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အပေါ်မှာ ထောက်ပြပြောဆိုမှုတွေ လည်း ရှိနေပါတယ်။ အခု မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားနေသူ ၂၈ ဦးရှိနေတဲ့အနက် ပြန်လည်ကောင်းမွန်လာသူ ၂ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိနေပြီလို့လည်းသိရပါတယ်။