နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ်သွားရောက်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
(၂၀၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ်) (Photo - Myanmar State Councellor Office)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံ ပေကျင်းမှာ ပြုလုပ်မယ့် ဒုတိယအကြိမ် မြောက်ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တတ်ရောက်မယ်လို့ သိရပါတယ်။
မကြာမီကာလအတွင်း သွားရောက်မယ်လို့ ကြေညာထားပြီး သွားမည့်ရက် အတိအကျကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ မြစ်ဆုံအရေးကိစ္စနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးဖွယ်ရှိနေပါတယ်။ လတ်တလောမှာ ပြည်သူတွေအကြားမှာ မြစ်ဆုံဆည်ကို တရုတ်ကုမ္ပဏီထံမှ ပြန်ရွေးဖို့ လှုပ်ရှားမှုတွေပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။