တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်ုးက အသင်းကနေ ထွက်ခွာချင်နေတဲ့ အသင်းဖော်တွေကို အသင်းတစ်သင်းတည်းအတွက် တစ်ဦးချင်းအာရုံစိုက်မှုအပြည့်ပေးပြီး အသင်းကို အောင်မြင်မှုတွေရရှိအောင် ကူညီပေးကြဖို့ တောင်းဆိုခဲ့တယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။
အဲရစ်ဆင်၊ ဒန်နီရို့စ်၊ အယ်ဒါဝီလ်တို့ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့်အရိပ်အယောင်တွေ မြင်တွေ့ခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဗာတွန်ဂန်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး ယခုရာသီအစမှာ နည်းပြပိုချက်တီနိုရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဟယ်ရီကိန်းက အသင်းမှာ ကစားသမားအချို့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေကြောင်း ဝန်ခံပြောကြားခဲ့ပေမယ့် အသင်းအတွက် အပြည့်အဝအာရုံစိုက်ပေးကြဖို့ အသင်းဖော်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“အပြောင်းအရွှေ့ဈေးကွက် ပြီးသွားပြီဆိုတာ အထင်အရှားပါပဲ။ အသင်းကနေ ထွက်ခွာချင်တဲ့ကစားသမားတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အသင်းကနေ ထွက်ခွာချင်ပေမယ့် ဆက်နေခဲ့ရတဲ့ ကစားသမားတွေရှိတယ်ဆိုတာ အားလုံးသိရှိထားပြီးသားပါ”
“အဲဒီတော့ ဒီလိုအခြေအနေမျိုး ခင်ဗျားမှာ ရှိနေတဲ့အခါမှာ ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် အခု အပြောင်းအရွှေ့ဈေးကွက်က ပိတ်သွားခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့အားလုံး မှန်ကန်တဲ့ဦးတည်ရာကို ရွေ့လျားချင်နေကြပါတယ်”
“ကွင်းထဲမှာရှိနေတဲ့ ဘယ်သူမဆို အသင်းအတွက် အားလုံးကို ပေးရမှာပါ။ ဒါက ကျွန်တော်တို့ တောင်းဆိုနိုင်တာ အကုန်ပါပဲ”
“ခင်ဗျား အသင်းတစ်သင်းတည်းအတွက်ကို တစ်ဦးချင်းလိုအပ်ချက်လိုမျိုး ဖြည့်ဆည်းပြီး အမြင့်မားဆုံးခြေစွမ်းအဆင့်အတန်းမျိုးနဲ့ စွမ်းဆောင်ပေးနိုင်ဖို့ သေချာအောင် လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒါက ဘယ်လိုနည်းနဲ့မဆို ခင်ဗျားရဲ့ တစ်ဦးချင်း အဆင့်အတန်းကိုလည်း အကူအညီဖြစ်စေမှာမို့လို့ပါ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။