လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ဟာ အတ္တလန်တာကို ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့နောက် လက်ရွေးစင် အသင်းဖော်ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ လီဗာပူးတို့ အန်ဖီးလ်မှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
လီဗာပူးအတွက်တော့ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပြီး ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ ခက်ခဲတဲ့ ဂိုးကွာခြားချက်အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဗန်ဒိုက်ချ်ရဲ့ ခြေစွမ်းကလည်း ဆိုးရွားလွန်းခဲ့ပြီး အတ္တလန်တာတို့ ရရှိခဲ့တဲ့ဂိုးတွေမှာ သူ့အမှားမကင်းဘူးလို့လည်း ဝေဖန်ခံနေရပါတယ်။
ဒီပွဲအပြီးမှာလည်း အတ္တလန်တာ အသင်းခေါင်းဆောင်လည်းဖြစ်၊ နယ်သာလန် လက်ရွေးစင်လည်းဖြစ်တဲ့ ဒီရွန်းက ဗန်ဒိုက်ချ်နဲ့ ပွဲမစခင် နှုတ်ဆက်နေတဲ့ ဗီဒီယိုကိုတင်ပြီး နောက်ပြောင်ခဲ့ပါတယ်။ ပွဲမစခင် အသင်းခေါင်းဆောင်နှစ်ယောက်နဲ့ ဒိုင်လူကြီးတွေ နှုတ်ဆက်နေချိန်မှာ ဒီရွန်းက ဂရပ်ဖစ်စာတန်းတစ်ခုကို ဗီဒီယိုအတွင်း ထည့်သွင်းခဲ့ပါတယ်။
အဆိုပါ စာတန်းကတော့ “ငါနိုင်သွားရင် ငါ့ကို လက်ရွေးစင်အသင်းရောက်ရင် အတင်းလိုက်မဖျက်နဲ့နော်” လို့ ဒီရွန်းက ဗန်ဒိုက်ချ်ကို ပြောကြားနေဟန်နဲ့ ထည့်သွင်းခဲ့တာပါ။ ဒီရွန်းနဲ့ ဗန်ဒိုက်ချ်တို့နှစ်ယောက်ဟာ နယ်သာလန်လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြပြီး လာမယ့် ယူရိုပြိုင်ပွဲမှာ အတူတွဲကစားရဖွယ်ရှိပါတယ်။
ဗန်ဒိုက်ချ်ကတော့ အတ္တလန်တာကို ရှုံးခဲ့တဲ့ပွဲအတွက် တော်တော်လေး စိတ်ပျက်နေကြောင်း ပြောကြားထားပါတယ်။ လာမယ့်အပတ်မှာတော့ လီဗာပူးတို့ အတ္တလန်တာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ချင်ရင်တော့ အနည်းဆုံးသုံးဂိုးပြတ်ကနေ စတင်အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။