ပီယာ့စ်မော်ဂန်နဲ့ လတ်တလောပြုလုပ်ထားတဲ့ ဇလာတန်ရဲ့ အင်တာဗျူးကတော့ တော်တော်လေးကို ရေပန်းစားနေပါတယ်။ ဒီအင်တာဗျူးမှာ ဘာကိုမှမကွယ်ဝှက်ထားဘဲနဲ့ အမှန်အတိုင်းတွေချည်း ပြောဆိုထားတာဖြစ်ပြီး ဇလာတန်ရဲ့ ကစားသမားဘ၀၊ မိသားစုဘ၀နဲ့ သူ့ဘ၀တလျှောက် ကြုံတွေ့ခဲ့ရတာတွေကို ပီယာ့စ်မော်ဂန်က နှိုက်နှိုက်ချွတ်ချွတ်ကို မေးမြန်းထားတာဖြစ်ပါတယ်။
ဇလာတန်ကတော့ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီးဖြစ်ကာ ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့တာပါ။ ကလပ်အသင်းအများအပြားမှာ ကစားခဲ့တဲ့ ဇလာတန်က သူ့ရဲ့ လက်ရှိ ပါတနာဖြစ်သူ ဟယ်လင်နာဆီဂါနဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၂ က တွေ့ခဲ့ကြတာဖြစ်ပြီး အခုအချိန်ထိ လက်တွဲနေတာဖြစ်ပြီး သားလေးနှစ်ဦး ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ထပ်ထားခြင်းမရှိသေးဘဲ လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် သူငြင်းဆန်ခံခဲ့ရတယ်လို့ ဇလာတန်က ၀န်ခံပြောဆိုသွားခဲ့ပါတယ်။
"ကျနော် အရာအားလုံးကိုတော့ အနိုင်မရခဲ့ပါဘူး၊ ကျနော့်ကလေးတွေရဲ့ အမေကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ နိုး ဆိုတဲ့ အဖြေပဲ ပြန်ရခဲ့တာပါ၊ လက်ထပ်ခွင့်တောင်းတာဆို သိပ်တောင် မကြာသေးပါဘူး၊ ကျနော်က ပြောတယ်"
နှစ်ပေါင်း ၂၀ လောက် ကြာအပြီးမှာ မင်းက ငါနဲ့ လက်ထပ်ခွင့်ရဖို့ ထိုက်တန်တယ်ဆိုတော့ သူမက နိုး ပဲ၊ နင်နဲ့ လက်ထပ်ဖို့ မလိုဘူးတဲ့၊ သူမက အရမ်းကို သန်မာပါတယ်၊ သူ အဲဒီလိုမျိုး ငြင်းဆန်ခဲ့လို့လည်း ကျနော် သူ့ကို ပိုပြီးတော့ လေးစားရပါတယ်" လို့ ဇလာတန်က ပြောဆိုခဲ့ပါတယ်။
ဒီနောက်မှာ မော်ဂန်က နောက်တကြိမ်လက်ထပ်ခွင့်တောင်းဦးမှာလားလို့ မေးမြန်းခဲ့ရာမှာ ဇလာတန်က "မတောင်းတော့ဘူး၊ သူမအတွက် အခွင့်အရေးတခါပဲ ရပါလိမ့်မယ်၊ ၂ခါ မရပါဘူး၊ ကျနော့်အတွက် သူ သားလေးနှစ်ယောက် ပေးခဲ့တာက လက်ထပ်တာထက်တောင်မှ ကြီးမားပါတယ်" လို့ ပြန်ပြောသွားခဲ့ပါတယ်။