တိုးတက်လာတဲ့ အနုပညာအရည်အချင်းတွေနဲ့ ဇာတ်ကားတွေရိုက်ကူးသွားမှာပါ။

ရဲတိုက်က သူ့ကိုအားပေးတဲ့ ပရိသတ်တွေအတွက် တိုးတက်လာတဲ့သရုပ်ဆောင်အရည်အချင်းတွေနဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

Photo: Ye Deight

သရုပ်ဆောင်ရဲတိုက်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အခုချိန်မှာ ပရိသတ်တွေအတွက် အနုပညာအရည်အချင်းကောင်းတွေနဲ့ ပိုကြိုးစားသွားမယ်လို့ Duwun Media ကနေ ပြောပြထားပါတယ်။

‘’လူတစ်ယောက်က တစ်ခါတလေကျရင် တည်ငြိမ်တယ်၊ တစ်ခါတလေမှာတော့ မတည်ငြိမ်ဘူး။ ကျွန်တော်ကတော့ မတည်ငြိမ်ပါဘူး။ ရင်ထဲမှာတော့ လှုပ်ရှားနေတယ်။ အရင်တုန်းက ရဲတိုက်နဲ့ အခုရဲတိုက် ဘာမှ ကွဲပြားသွားစရာ မရှိပါဘူး။ တိုးတက်ကောင်းမွန်လာတဲ့ အရည်အချင်းတွေရယ်၊ ပရိသတ်အပေါ်မှာ တိုးတိုးပြီးချစ်လာတဲ့ နှလုံးသားတစ်ခုရယ် ပိုလာပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Ye Deight

ရဲတိုက်က အခုဆိုရင် ‘’ဒဏ္ဍာရီမိုး’’ရုပ်ရှင်ကားကြီးကို သရုပ်ဆောင်ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးပြီးခဲ့ပါပြီ။ နောက်ထပ်လည်း ဇာတ်ကား ၃ ကားရိုက်ကူးထားတယ်လို့ သိရပါတယ်။ အဲဒီနောက် ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအတွက် ဝိတ်ချနေတယ်လို့ Star Awards ဆုပေးပွဲကိုတက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော် ဇာတ်ကား ၄ ကားရိုက်ပြီးတဲ့နောက်ပိုင်းမှာ ဝိတ်လေးနည်းနည်းတက်နေလို့ Gym ဆော့နေတယ်။ နောက်ပြီးတော့ ဒီကြားထဲမှာ မဖြစ်မနေရိုက်ကူးရမယ့် ဇာတ်ကားလေးတွေ ရိုက်နေတယ်။ ပြီးရင်တော့ ဆာတိုရီကနေရိုက်မယ့် ရုပ်ရှင်ကားကြီး ၄ ကားရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဝိတ်ချတာကလည်း ဇာတ်ကောင်တစ်ခုအတွက်ပါ။ ဒီဇာတ်ကောင်က ဖျက်လတ်ငယ်ရွယ်ပြီးတော့ တက်ကြွတဲ့ တိုင်းရင်းသားလူငယ်တစ်ယောက်ပေါ့။ အဲဒီအတွက် ကျွန်တော် ဝိတ်ချနေတာ’’ လို့ ဆိုပါတယ်။ 

Photo: Ye Deight

ရဲတိုက်ဟာ ထောင်ကနေလွတ်လာပြီးတဲ့ ၂ နှစ်အတွင်းမှာ အနုပညာအလုပ်တွေလုပ်ရင်း ကျန်းမာရေးလည်း ဂရုစိုက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေ အများကြီးရိုက်ကူူးသွားမယ်လို့ ဆိုပါတယ်။

‘’ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီး ဇာတ်ကားကောင်းတွေကြည့်ရမှာပါ။ အနုပညာသမားတိုင်းက ဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်းတယ်မကောင်းဘူးကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံ ထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Ye Deight

ရဲတိုက်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေရာကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာပါ။ အခုဆိုရင်တော့ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း သူဟာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။

Share

Loading Next Article...
က္က