အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စ်မဲရိုးကို အသင်းဖော်ဟောင်းဖြစ်သူ ဗာရာနီကတော့ ကြိုဆိုလိုက်ပါပြီ။ ဘာနေဗျူးမှာ နှစ်အတန်ကြာ အသင်းဖော်တွေအဖြစ်ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့တဲ့ ကက်စ်မဲရိုးကို ဗာရာနီက အရင်ဦးဆုံး ခရီးဦးကြိုပြုခဲ့ကာ တိုက်ပွဲတွေဆက်ပြီးတော့ ရင်ဆိုင်ကြမယ်လို့ သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို ယူရိုသန်း ၆၀+ ယူရို ၁၀ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၄နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကာ ၁နှစ်သက်တမ်းတိုးခွင့်ပါရှိမှာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ သူ့ကို ကစားသမားသစ်အဖြစ်မိတ်ဆက်မှာဖြစ်ပြီး အသင်းနဲ့အတူ ပထမဆုံးပွဲကိုတော့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲမှာ ကစားရဖွယ်ရှိနေပါတယ်။
"စစ်သည်တော်ကြီး Case နဲ့ အတူ တိုက်ပွဲတွေအများကြီးကို အတူတူတိုက်ပွဲဝင်ခဲ့ဖူးတယ်၊ မန်ချက်စတာက ကြိုဆိုပါတယ် သူငယ်ချင်း" လို့ ဗာရာနီက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ သူနဲ့အတူ ရော်နယ်ဒို၊ ကက်စ်မဲရိုးတို့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀မှာ အတူတူအောင်ပွဲခံခဲ့တဲ့ ဓာတ်ပုံကိုလည်း ဗာရာနီက ဖော်ပြခဲ့ပါတယ်။
တချိန်က ဘာနေဗျူးမှာ အတူတူကစားခဲ့တဲ့ အဆိုပါကစားသမား ၃ ယောက်က အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံဆည်းကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အနာဂတ်လှုပ်ခတ်နေသူဖြစ်ပြီး ကက်စ်မဲရိုးရောက်ရှိလာမှုက သူ့ကို အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေစေမလားဆိုတာကိုတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။
Tank လို့ နာမည်ပြောင်ရထားတဲ့ ကက်စ်မဲရိုးဟာ အသင်းကွင်းလယ်ခံစစ်ပိုင်းမှာ အကောင်းဆုံးကစားနိုင်သူဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်သမားလို့ သတ်မှတ်ခံထားရပြီး အသင်းခံစစ်ကြောင်းကို အကာအကွယ်ပေးနိုင်ပြီး ပြိုင်ဘက်တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားထိန်းချုပ်ကာ တိုက်စစ်လမ်းကြောင်းတွေ ပြန်လည်စတင်ပေးနိုင်သူလည်းဖြစ်ပါတယ်။