ဘယ်ကာရိုက်တာမဆို အံဝင်ဂွင်ကျ ဖြစ်ချင်တယ်။

ဝတ်မှုံရွှေရည်က မြက်နုဇာတ်ကားမှာ ၁၀ ကျော်သက်အရွယ်ကောင်မလေးပုံစံသရုပ်ဆောင်ရသလို သူ့ရဲ့ အသက်ထက်အများကြီး ပိုကြီးတဲ့ ဇာတ်ရုပ်မျိုးကိုလည်း သရုပ်ဆောင်ချင်တယ်လို့ ရင်ဖွင့်လာပါတယ်။ 

ဝတ်မှုံရွှေရည်ဟာ "မြက်နု" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆယ်ကျော်သက် ကောင်မလေး "ဂျိတ်" အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ လက်ရှိအသက်အရွယ်ထက် ပိုကြီးတဲ့ ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကစ်ကတော့ ကိုယ်လက်ခံထားတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်၊ ပရိသတ်ရင်ထဲရောက်တဲ့ အထိ သရုပ်ဆောင်ချင်တယ်။ ပြီးတော့ ကစ်ရဲ့ အခုအသက်ထက် အများကြီး ကြီးတဲ့ ဇာတ်ရုပ်ကိုလည်း သရုပ်ဆောင်ချင်ပါတယ်။ဘယ်ကာရိုက်တာမဆို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင် တတ်တဲ့သူဖြစ်ချင်ပါတယ်” လို့ သူကဆိုပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ "မြက်နု" ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ 

“ဂျိတ်” ဆိုတဲ့ ကောင်မလေးကာရိုက်တာဟာ ဝတ်မှုံရွှေရည်အတွက်တော့ ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်တဲ့ သူမအတွက်တော့ ဆယ်ကျော်သက် ကာရိုက်တာ သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။ 

“အမှန်အတိုင်းပြောရရင် ကစ်လည်း ဆယ်ကျော်သက်အရွယ်က အချိန်မျိုးကို သရုပ်ဆောင်ထားတယ်။ ဒါပေမယ့် ကစ်ကတော့ ကိုယ့်အသက်အရွယ်မှာ ရှိတဲ့ဇာတ်လမ်းတွေပဲ လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ဒါရိုက်တာကရော၊ ဇာတ်ညွှန်းရေးဆရာကရော တောင်းဆိုတယ်။ ကစ်ပဲ လုပ်ပေးပါ၊ ကစ်နဲ့ လိုက်တဲ့အတွက် တိုက်တွန်းခဲ့ကြပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က “မြက်နု” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။ 

ဝတ်မှုံရွှေရည်ဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က