ကွင်းပြင်ပက တိုက်စစ်ပိုင်းရုန်းကန်နေရတာနဲ့ ပတ်သက်လို့ အာတီတာက ထုတ်ပြောလာတာပါ။

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် လက်ရှိအနေအထားက ခက်ခဲတဲ့ အခြေအနေတခုမှာရှိနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အသင်းခေါင်းဆောင်လည်းဖြစ်၊ အဓိကတိုက်စစ်မှူးလည်းဖြစ်တဲ့ အူဘာမီးယန်းကို စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ချက်နဲ့ ပထမအသင်းကြီး လူစာရင်းက ထုတ်ပယ်ထားတာပါ။



အူဘာမီးယန်းအပေါ် အာတီတာရဲ့ ပြုမူပုံတွေက ပြင်းထန်လွန်းတယ်လို့ ဆိုနေကြပေမယ့် အာတီတာကတော့ သူ့ရဲ့လုပ်ရပ်တွေကို မနေ့ကပဲ ကာကွယ်ပြောကြားထားတာပါ။ လက်ရှိ အာဆင်နယ်တိုက်စစ်မှာ လာကာဇက်နဲ့ အန်ကီတီးယားတို့ရှိနေပြီး နှစ်ယောက်ပေါင်းသွင်းဂိုးက ဒီရာသီမှာ (၉) ဂိုးရှိပါတယ်။

ဒါပေမယ့် ဒီကစားသမားနှစ်ယောက်လုံးက စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ဒီရက်ပိုင်းအတွင်း ဖွင့်လှစ်တော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အခြားအသင်းတသင်းနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိနေပါပြီ။

အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ အာဆင်နယ်နည်းပြ အာတီတာက “ကျနော်တို့ အသင်း တိုက်စစ်အတွက် တိမ်ထူထပ်နေတဲ့ အနေအထားပါပဲ။ လတ်တလော အခိုက်အတန့်မှာ ကျနော်တို့ ဒီအရာကို ပြောင်းလဲနိုင်စွမ်းမရှိပါဘူး။ ပြဿနာကို သေးနိုင်သမျှ သေးသွားအောင် ကြိုးစားဆောင်ရွက်နေပေမယ့် အခုအခြေအနေက စာချုပ်ကိစ္စဖြစ်နေတယ်၊ အချိန်ကာလအားဖြင့်လည်း ကျပ်တည်းနေပြီး ကျနော်တို့ ဒါကို ဖြေရှင်းဖို့ ကြိုးစားနေဆဲပါ”

“ဒီကိစ္စတွေက အသေးစိတ်တခုချင်းစီအပေါ်မှာ မူတည်နေပါတယ်။ ကစားသမားရဲ့ အနေအထား၊ သူ ပွဲကစားခွင့် ဘယ်လောက်ရတယ်၊ သူ လစာ ဘယ်လောက်လိုချင်တယ်၊ သူ့အတွက် ဘယ်လောက်ပေးမယ် ကမ်းလှမ်းထားလဲ ဒါတွေ အားလုံးပါဝင်နေပါတယ်”

“ဒီအရာတွေအားလုံးကိုလည်း တခုချင်း ထည့်သွင်းတွက်ချက်ရပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ အူဘာမီးယန်းကလည်း လာမယ့်ဇန်နဝါရီမှာ ဂါဘွန်နဲ့ အာဖရိကဖလား သွားကစားဖို့ရှိပြီး အဲ့ဒီနောက်မှာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝကို အဆုံးသတ်သွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

က္က