အူဘာမီယန်းရဲ့ ချဲလ်ဆီးအသင်းက အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

အူဘာမီယန်းအနေနဲ့ ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရမယ့်အစား ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်အသင်းရဲ့ တစိတ်တပိုင်းဖြစ်ချင်နေခဲ့လိမ့်မယ်လို့ အီမန်နျူရယ် ပီတစ်က ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ အမ်းမရိတ်စ်မှာ ၄ ရာသီအကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းကို အက်ဖ်အေဖလားရရှိအောင်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ၁၆၃ ပွဲမှာ ၉၂ ဂိုးသွင်းယူပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဘွန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာ ရောင်းထုတ်ခြင်းမခံရမီ နည်းပြ အာတီတာရဲ့ လူစာရင်းထဲကနေ ဖယ်ရှားခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က အိပ်မက်ဖြစ်တယ်လို့ အူဘာမီယန်းက ပြောကြားခဲ့ပေမယ့်လည်း နူးကမ့်မှာ ၆ လသာ ကစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကို ရောင်းချခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီမှာ စိတ်လှုပ်ရှားဖွယ်ရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေချိန်မှာ အူဘာမီယန်းရဲ့ ချဲလ်ဆီးအသင်းက အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ ဂါဘွန်တိုက်စစ်မှူးဟာ အနောက်လန်ဒန်ကလပ်အသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး အဲဒီ ၃ ဂိုးစလုံးဟာ အောက်တိုဘာလမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 


ပီတစ်က အူဘာမီယန်းအနေနဲ့ ၎င်းရဲ့ အာဆင်နယ်ကစားသမားဘဝ အဆုံးသတ်ခဲ့တဲ့ပုံစံကြောင့် နောင်တရနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့ အသင်းဖော်ဟောင်းတွေကို မနာလိုဖြစ်နေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

"သူတို့တွေ ခေါ်ယူခဲ့တဲ့အချိန်တုန်းက အဲဒါက မလိုအပ်ဘဲ အလောတကြီး ဝယ်ယူမှုပုံစံမျိုးလို့ ကျွန်တော် ရာသီအစတုန်းက ပြောခဲ့တယ်။ အူဘာမီယန်းက အရည်အသွေးရှိတဲ့ တိုက်စစ်မှူး ဖြစ်နေသေးပေမယ့်လည်း အရင်တုန်းကလိုမျိုးမဟုတ်တော့ဘူး။ သူ့ရဲ့ စိတ်အားထက်သန်မှုတွေကို ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော် ထင်ပြီး ဘာစီလိုနာက အချိန်တွေအပြီးမှာ သူ မရှိဘဲ အာဆင်နယ်လုပ်နေတာတွေကို သူ မြင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဂျေးဇုနဲ့ နကီးတီးယားတို့ လုပ်နေတာတွေပေါ့"


"သူသာ မှန်ကန်တဲ့ ခံယူချက်ရှိရင် သူ အခုဖြစ်နေတာတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလိမ့်မယ်လို့ သူ တွေးကောင်း တွေးနေမှာပါ။ အခု ချဲလ်ဆီးနဲ့အတူရှိနေပြီး အဲဒီမှာ တိုက်စစ်မှူးတွေနဲ့ပတ်သက်ပြီး ကျိန်စာရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒရော့ဂ်ဘာကတော့ ကျိန်စာမသင့်ခဲ့ဘူး။ တစ်သင်းလုံးက အလုပ်မလုပ်နေဘူး။ အခုအချိန်မှာ တစ်ခုခုတော့ မှားနေပါတယ်။ အခုအချိန်မှာ ချဲလ်ဆီးအတွက် ကောင်းကောင်း ကစားပေးနေတဲ့ ကစားသမားများများစားစား မရှိပါဘူး။ မေဆန် မောင့်တောင်မှပေါ့။ အခုအချိန်မှာ သူ့ကို ကျွန်တော် မှတ်တောင်မမှတ်မိတော့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က